Home သတင်း ဒုက္ခသည်များကို အကူအညီ ထပ်မလျော့ရေးနှင့် အလုပ်လုပ်ခွင့်ပေးရန် TBC တောင်းဆို

ဒုက္ခသည်များကို အကူအညီ ထပ်မလျော့ရေးနှင့် အလုပ်လုပ်ခွင့်ပေးရန် TBC တောင်းဆို

791

ဇွန် ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များ အကူအညီရရှိမှု နည်းလာ၍ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များ အနေဖြင့် အကူအညီများ ထပ်မံမလျော့ချရန်နှင့် စခန်းပြင်ပထွက်ပြီး တရားဝင်အလုပ်လုပ်ခွင့်ပေးရန် ထိုင်း အစိုးရအား TBC (The Border Consortium) က တိုက်တွန်းတောင်းဆို လိုက်သည်။

ဒုက္ခသည် စခန်းများ၌ ရိက္ခာဖြန့်ဝေခြင်း အဓိက လုပ်ဆောင်နေသည့် TBC က ယနေ့ ဇွန် ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ ထုတ်ပြန်ချက်၌ ယခုလို တိုက်တွန်းတောင်းဆို ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ဒုက္ခသည်စခန်းများတွင် ယခုနှစ် ဧပြီလမှစတင်၍ အရွယ်ရောက်ပြီးသူ တစ်ဦးကို တစ်လလျှင် ၇၇ ဘတ် (၂.၃၃ဒေါ်လာ) အထိသာထောက်ပံ့မှုပေးခဲ့ပြီး ယခုဇွန်လ တွင် ၁၇၆ ဘတ် (၅.၃၃ ဒေါ်လာ) အထိ ပြန်လည်တိုးမြင့် ထောက်ပံ့နိုင်သော်လည်း လာမည့် ဇူလိုင်လ နောက်ပိုင်းတွင် ပံ့ပိုးမှုရရှိရန် မသေချာတော့သည့် အခြေအနေ ရှိသည် ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ပြောဆိုသည်။

ယခုလို ဒုက္ခသည်များအတွက် မကြုံစဖူး ထောက်ပံ့မှုလျော့ချခံရသည့်အပြင် ကျန်းမာရေးဝန်ဆောင်မှု အတွက် ပါ ရံပုံငွေ ဖြတ်တောက်ခံနေရ၍ စားဝတ်နေရေးနှင့် အကြပ်အတည်းပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရ သည်။

အဆိုပါ အကြပ်အတည်း စိန်ခေါ်မှုများကို ဖြေရှင်းရန် ဒုက္ခသည်များ စခန်းအပြင်ထွက် တရားဝင် အလုပ်လုပ်ခွင့် မရှိဖြစ်နေပြီး ဖမ်းဆီးခံရနိုင်သည့်အတွက် တရားဝင် အလုပ်လုပ်ခွင့်ပေးရန် TBC က ထိုင်းအစိုးရကို တောင်းဆို နေခြင်း ဖြစ်သည်။

အကြပ်အတည်းစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လာရသည့်အချိန်တွင် ဒုက္ခသည်များသည် မိမိကိုယ်ကိုယ် ရပ်တည်ရန် အထူးလိုအပ်သလို စခန်းတွင် ၁၀ စုနှစ် ၄ ခု ကြာ ဒုက္ခသည်စခန်းအတွင်း ကန့်သတ်ချက်များထက် ဂုဏ်သိက္ခာရှိစွာ ရေရှည်တည်တံ့သည့် ဘဝများကို တည်ဆောက်ခွင့် ပေးရန် ထိုက်တန်နေကြာင်းလည်း TBC ကဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျောက်တွင် ဒုက္ခသည်စခန်း ၉ ခု ရှိပြီး ဒုက္ခသည်ဦးရေ ၁၀၈,၀၀၀ ဦး ရှိသည်ဟု ယခင် စာရင်းများအရ သိရသော်လည်း လက်ရှိပြည်တွင်းရေးကြောင့် ဒုက္ခသည်စခန်းများသို့ ရောက်ရှိခိုလှုံ နေထိုင်သူ ထိုဦးရေထက်များနိုင်သည်ဟု အခြေအနေကို သိရှိထားသူများက သုံးသပ် ထားသည်။

ထို့အပြင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း တစ်ခုထဲတွင် ပြည်တွင်းနေရပ်စွန့်ခွာ ရသူ ၁.၁ သန်း ရှိပြီး နိုင်ငံတဝှမ်း လုံးတွင် နေရပ်စွန့်ခွာနေရသူ ၃.၅ သန်းကျော် ရှိနေကာ မကြုံစဖူးသည့် ရွှေ့ပြောင်းနေရသူများလာသည့် ပမာဏ ဖြစ်သည့် အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ရံပုံငွေ သိသာစွာ လုံလောက်မှုမရှိ ဖြစ်နေသည် ဟု TBC က ဆိုသည်။

TBC သည် ၁၉၈၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသရှိ နေရာရွှေ့ပြောင်း ထွက်ပြေးနေရသူ စစ်ဘေး ဒဏ်သင့် ပြည်သူများကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်များအား ကူညီပံ့ပိုးပေးနေပြီး လက်ရှိ ဒုက္ခသည် စခန်း (၉) ခုတွင် အခြေခံစားနပ်ရိက္ခာများ ကူညီပံ့ပိုးပေးနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။