ဇွန်လ၁၂ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)နယ်မြေ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာအတွင်း စစ်ကောင်စီ၏ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃ မှ ယမန်နေ့(ဇွန်လ ၁၁ ရက်)က လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း ဘီလင်းမြို့နယ်မှဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
စစ်ကောင်စီ၏ ခမရ-၃ တပ်ရင်းမှ ယမန်နေ့ ညနေ(၅း၃၄)မိနစ်အချိန်တွင် လက်နက်ကြီး ၃ လုံးဖြင့်ပစ်ခတ်ခဲ့ရာ အလူးကြီးကျေးရွာအတွင်းရှိ စောငွေလာ အမည်ရ အသက်(၃၄)နှစ်အရွယ် အမျိုးသားမှာ လက်နက်ကြီး ကျည်စထိမှန်သေဆုံးခဲ့ရသလို နောက်ထပ် ရွာသား (၄)ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။
“ပစ်တာကတော့ သုံးလုံးပစ်တယ်။ တစ်ယောက်ကတော့ နေရာမှာတင်ပွဲချင်းပြီး ဆုံးသွားတယ်။ ပြီးတော့ လေးယောက်က ဒဏ်ရာရတယ်။ အဲဒီထဲက နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံကိုပို့လိုက်ပြီ။ ဒဏ်ရာရတဲ့သူအားလုံးက ယောက်ကျားတွေပဲ။”ဟု ကေအိုင်စီ သို့ပြောသည်။
လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၄)ဦးအနက် အသက်(၂၈)နှစ်အရွယ် စောအောင်ပိုပိုနှင့် အသက်(၅၀)နှစ်အရွယ် စောချစ်ရွှေတို့ နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး လက်ရှိတွင် ကျန်းမာရေးကုသမှုပေးထားရကြောင်း ဖြစ်စဥ်နေရာတွင်ရောက်ရှိနေသူအချို့က ဆိုသည်။
ဒေသခံထိခိုက်သေဆုံးမှုများအပြင် လက်နက်ကြီးကြောင့် ပြည်သူပိုင် နေအိမ်(၂)လုံးနှင့် မော်တော်ယာဥ် နှစ်စီး မီးလောင်ပျက်စီးခဲ့သည်ဟုလည်း ထိုသူတို့က ဖြည့်စွက်ပြောသည်။
အလားတူ ပြီးခဲ့သည့်မေလ(၁၀)ရက်နေ့က ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်မှ (၁၂၀)မမ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်ရှိ ကရဝေးဆိပ်ရွာအပြင်ဘက် တောင်ထန်းခြံအတွင်းရှိနေသည့် ရွာခံအမျိုးသမီးတစ်ဦး ဦးခေါင်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသေးသည်။
ဘီးလင်းမြို့နယ်အပါအဝင် ကေအဲန်ယူ တပ်မဟာ(၁) ထိန်းချုပ်ထားသည့် သထုံခရိုင်ရှိ စစ်ကောင်စီလက်လွှတ်ဆုံးရူံးခဲ့ရသည့် တပ်စခန်းများ ပြန်လည်ရရှိနိုင်ရေးအတွက် စစ်ကောင်စီက ပြီးခဲ့သည့် မေလပိုင်းအတွင်း အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသည်။ တဖက်တွင်လည်း ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။



















