ဇွန်လ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဌာနချုပ်တည်ရှိသည့် နယ်မြေအတွင်း ယနေ့ ဇွန်လ ၁၂ ရက်နေ့၊ မနက် ၁ နာရီနောက်ပိုင်းတွင် အသေခံ(ကာမီကာဇီ)ဒရုန်းအမျိုးအစား ၅ လုံးဖြင့် ထပ်မံကြဲချတိုက်ခိုက်ခံရကြောင်း ကေအဲန်ယူပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။
ယနေ့မနက် ၁ နာရီ ၁ မိနစ်တွင် ကာမီကာဇီဒရုန်းဗုံး တစ်လုံး၊ ၂ နာရီ မှ ၄ နာရီကြားတွင် လေးလုံး၊ တပ်မဟာ(၇)ဌာနချုပ်နယ်မြေ ကလို့ယော်လေးဝန်းကျင်တွင် ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူနှင့်နယ်မြေတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။
ကေအဲန်ယူ ပြောခွင့်ရ ပဒိုစောကလယ်စေးက “ကျတာကတော့ တပ်မဟာအနီးအနားပဲ၊ ၁ နာရီခွဲလောက်မှာနဲ့ ၂ နာရီလောက်မှာလည်း ကျတယ်၊ စုစုပေါင်း ၅ လုံး၊ တစ်လုံးကတော့ ပေါက်မသွားဘူး“ ဟု ကေအိုင်စီကို ယနေ့မနက်ပိုင်းက အတည်ပြုသည်။
ဒရုန်းများ ကျရောက်ပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးမှုအပေါ် ကေအိုင်စီအနေဖြင့် ဆက်လက်အတည်ပြုလျက်ရှိသည်။
KNLA နှင့်ပူးပေါင်းတပ်များက ပြီးခဲ့သည့် မတ်လ မှ မေလအတွင်း တပ်မဟာ(၇)နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ် ဒေါနတောင်တစ်ကြောရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးနောက် ဌာနချုပ်နေရာသို့ ယခုတစ်ကြိမ် ဒရုန်းပစ်ခတ်တိုက်ခိုက်ခံရမှုက ယခင်ကထက် အလုံးရေပိုများလာသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလပိုင်းက KNLA ဗဟိုဌာနချုပ်နေရာသို့ ကာမီကာဇီဒရုန်း ၄ လုံး၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက တပ်မဟာ(၇)ဌာနချုပ်နယ်မြေ ကလို့ယော်လေးတွင် ၂ လုံးနှင့် မတ်လပိုင်းက ထိုနေရာ၌ပင် နောက်ထပ် ဒရုန်း ၃ လုံး ကြဲချတိုက်ခိုက်ခံရသေးသည်။



















