ဇွန် ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံတွင် လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးနေသော်လည်း အဓိက တင်သွင်းနေသည့် မြဝတီမြို့ အရောင်းအဝယ်ဈေးကွက် ပျက်သွားရန် မရှိဟု ဝယ်၊ ရောင်း လုပ်ကိုင်နေသူများက ပြောသည်။
အဆိုပါ လိုင်စင်မဲ့ ယာဉ်များ နယ်စပ်မှ မြဝတီသို့ တင်သွင်းမှု ပြုလုပ်ချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်ဝန်ထမ်းများ၊ BGF စသည့်အဖွဲ့များကို ငွေကြေး လဒ်ထိုးပြီး တင်သွင်းနေခြင်းဖြစ်ပြီး ဈေးကွက်ပျက် သွားရန် မရှိဟု ဝယ်၊ ရောင်း လုပ်ငန်းရှင်တစ်ဦးက ယခုလို ပြောသည်။
“ဒီလိုပဲ သုံးနှစ်တစ်ခါ၊ တစ်နှစ်တစ်ခါ စသဖြင့် ဖမ်းတဲ့ကိစ္စကို တစ်လ၊ နှစ်လလောက် စောင့်ပြီး ပြန်စီးကြမှာပေါ့၊ မြန်ဘက်က စစ်တပ်တို့၊ အကောက်ခွန်တို့ BGF ဂိတ်ကလည်း အားလုံးပေးကမ်းပြီးမှ ဝင်တာဖြစ်တော့ လိုင်စင်မဲ့ ဈေးကွက်ကြီးတွေ ပျက်သုန်းသွားဖို့က မဖြစ်နိုင်ပါဘူး။ ဖမ်းတာတွေကတော့ ပြည်တွင်း ဘက်ကလူတွေခံရ မှာပေါ့။ မြဝတီအနေနဲ့ကတော့ သူတို့ဖမ်းရင် အများဆုံးတစ်လပါပဲ မဖမ်းတော့တဲ့အချိန် ပြန်စီး မှာပါဘဲ” ဟု ၎င်း က ပြောသည်။
ကရင်ပြည်နယ်တွင် လိုင်စင်မဲ့ ယာဉ်ဖမ်းဆီးနေမှုကို လက်ရှိ ဖားအံမြို့ပေါ် အနီးတစ်ဝိုက်တွင်သာ ပြုလုပ်နေခြင်း ဖြစ်ပြီး မြဝတီ၊ လှိုင်းဘွဲ စသဖြင့် ပြည်နယ် အခြားမြို့များ၌ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း မြို့ခံများထံမှ သိရ သည်။
“မြဝတီမြို့ပေါ်မှာတော့ ဒီနေ့ထိ ဖမ်းတာတို့၊ သိမ်းဆည်းတာတို့ တော့မရှိသေးဘူး။ စီးတာတော့ စီးနေတာပဲ 9B နံပါတ်တွေ တပ်စီးတဲ့လူလည်း စီးနေတာပဲ။ ဒီတိုင်း လိုင်စင်မဲ့ အတိုင်းသွားတဲ့ လူလည်းသွားနေတာပဲ။ ဒီနေ့ ထိတော့ မဖမ်းတာ မရှိသေးဘူး” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် မြဝတီတွင် လိုင်စင်မဲ့ ယာဉ်ဖမ်းဆီးမည် ဆိုပါက ကား၊ ဆိုင်ကယ် ဝယ်ရောင်း ဈေးကွက် ခဏတာ အေးသွား နိုင်သော်လည်း နောက်ပိုင်း ပုံမှန်အရောင်းအဝယ် ပြန်ဖြစ်လာနိုင်သည်ဟု ကား၊ ဝယ်ရောင်းသူ နောက် တစ်ဦးက မှတ်ချက်ပြုပြောသည်။
“ဖားအံမှာ ဖမ်းတဲ့သတင်းကြောင့် ဒီဘက်မှာ တော့အရောင်းအဝယ် တန့်သွားနိုင်တာပေါ့၊ အဓိက ဝယ်တာ အောက်ဘက်က ဆိုတော့ အောက်ဆင်းမရရင်တော့ ကားအရောင်းအဝယ် တန့်မှာဘဲ။ ညွှန်ကြားချက်ထွက်တယ်၊ ဆိုကတည်းက အနည်းနဲ့ အများတော့ လုပ်ပြ၊ ဖမ်းပြ ရမှာပဲလေ။ အဲ့မှာတော့ လူကြည့်ပြီး ဖမ်းတော့ ထိတော့ ထိနိုင် ပါတယ်။ ဒီတစ်လလောက်တော့ ဖမ်းပြမယ်ထင်တာဘဲ” ဟု ၎င်း လုပ်ငန်းရှင်က ပြောသည်။
ကရင်ပြည်နယ်တွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ တစ်ပတ်ရစ် ကားအများစုကို တင်သွင်း၊ ရောင်းဝယ် အသုံးနေကြခြင်း ဖြစ်သည်။ ထို့အပြင် ဆိုင်ကယ်များကိုလည်း အလားတူ တင်သွင်း၊ ဝယ်ရောင်း အသုံးအပြုနေကြသည်မှာ ဆယ်စုနှစ် ၃ စု ခန့်ရှိပြီး ဖြစ်ကြောင်း သိရသည်။



















