Home သတင်း ဘုရားသုံးဆူတွင် အသံဆူညံအချိန်လွန်ဖွင့်လှစ်သည့် တရုတ်စားသောက်ဆိုင် ဗုံးဖောက်ခွဲခံရ

ဘုရားသုံးဆူတွင် အသံဆူညံအချိန်လွန်ဖွင့်လှစ်သည့် တရုတ်စားသောက်ဆိုင် ဗုံးဖောက်ခွဲခံရ

763

မေ ၂၄၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၆)၊ စီမံအုပ်ချုပ်နယ်မြေ ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ အမှတ်(၁) ရပ်ကွက်တွင် ညအချိန်လွန် အသံဆူညံသီချင်းဖွင့်လှစ်သည့် တရုတ်စားသောက်ဆိုင် တစ်ဆိုင်ကို မေ ၂၃ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်အချိန်ခန့်တွင် ဗုံးဖောက်ခွဲခံရမှု ဖြစ်ပွားခဲ့သည်ဟု မြို့လုံခြုံရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ စားသောက်ဆိုင်သည် ညစဉ် အသံဆူညံစွာ အချိန်လွန်ဖွင့်လှစ်သည့်အတွက် ဒေသခံများက မြို့ တာဝန် ရှိသူများထံ တိုင်ကြားထားသော်လည်း ဆက်ဖွင့်လှစ်နေဆဲဖြစ်ပြီး ယမန်နေ့ညက သတ်မှတ်ချိန် ကျော်လွန်သည့် အချိန်တွင် ဗုံးဖောက်ခွဲခံရခြင်း ဖြစ်သည်ဟု သိရသည်။

“တရုတ်ဆိုင်က သီချင်း DJ တွေဖွင့်ပြီး အသံ ဆူဆူညံညံ ဖွင့်တယ်။ အကင်ဆိုင်လည်း ဖြစ်တယ်။ အဲဒါကို ရပ်ကွက်ထဲက လူတွေတိုင်တာရှိတယ်။ ဆိုင်ဖွင့်တာက ၁၁ နာရီ ၁၂ နာရီ ကျော်ထိ အသံအကျယ်ကြီး ဖွင့်တယ်။ အဓိက လာစားတဲ့သူတွေက အဲဒီ့အနီးနားဝန်းကျင်မှာ ကျောက်မိုင်းလာလုပ်တဲ့ တရုတ်တွေလာစားတာ များ တယ်။ နောက်ပြီးအဖွဲ့အစည်းက လူတွေလည်း လာစားတာများတယ်” ဟု မြို့လုံခြုံရေးအဖွဲ့ဝင် ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့တွင် ယခင်က ည ၁၀ နာရီအထိသာ စားသောက်ဆိုင် ဖွင့်ခွင့်ပေးကြောင်း စည်းကမ်းချက် ထုတ်ထားပြီး အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယနေ့တွင် မြို့လုံခြုံရေးကော်မတီမှ စားသောက်ဆိုင်များ ည ၁၁ နာရီအထိ အချိန်တိုး ပြန်လည် ပြောင်းလဲဖွင့်ခွင့် ပေးထားသည်ဟု သိရသည်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပြန်လည်အုပ်ချုပ်သည့် ဘုရားသုံးဆူမြို့တွင် ဗုံးဖောက်ခွဲမှု မကြာ ခဏ ဖြစ်ပွားလာသည့်အတွက် မြို့လုံခြုံရေးနှင့် ပတ်သက်၍ မြို့အတွင်း လက်နက်ကိုင်ဆောင် ဝင်ထွက်သွား လာမှုကို ပြန်လည်ကြပ်မတ်မည် ဖြစ်သည်ဟု ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၊ အမှတ်(၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းက ဆိုသည်။

“အကင်ဆိုင် သွားပစ်တာက အဓိပ္ပါယ်မရှိဘူး ပေါ့နော်။ တရားမဝင် တရုတ်တွေ ထွက်ဖို့ ကျနော်တို့ ထုတ်ပြန်ပြီး ကတည်းက တော်တာ်များများထွက်ပြီး အခုအဲဒီ့ဆိုင်ကလည်း တနိုင်ငံထဲသား မြန်မာနိုင်ငံသား ကိုးကန့်လူမျိုး ပိုင်ဆိုင်ဘဲ။ သူတို့ကို ထွက်ခိုင်းလို့ မရဘူးလေ။ အခုက ဆိုင်ဆူညံတာကို ပစ်တာထက် ပြဿနာဖန်တီးတဲ့ သဘော ဖြစ်တယ်။ မြို့ထဲမှာ တရားမဝင် လက်နက်ကိုင်ဆောင်တာတွေကို ပြန်ကြပ်မတ်မယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် စားသောက်ဆိုင်လုပ်ငန်း၊ ကာစီနိုလောင်းကစားလုပ်ငန်း၊ ဂိမ်းရုံများ ဖွင့်လှစ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကိုပြီးခဲ့သည့် ဖေဖော်ဝါရီလ ကစတင်၍ မြို့တွင်းမှ ထွက်ခွာ ပေးရန် DKBA မှ သတိပေးစာ ထုတ်ပြန်ပြီးနောက် လက်ရှိအချိန်တွင် တရားမဝင် တရုတ်နိုင်ငံသား မရှိတော့ဘဲ အများစုသည် မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်သည့် တရုတ်နွယ်ဝင် ကိုးကန့်လူမျိုးများသာ ကျန်ရှိ နေကြောင်း DKBA က ပြောသည်။

အဆိုပါ ဘုရားသုံးဆူမြို့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကော်မတီ (PC)နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် များ ဝင်ထွက်သွားလာလေ့ရှိပြီး တာဝန်မရှိဘဲ မြို့တွင်းသို့ လက်နက်ကိုင်ဆောင် ဝင်ထွက် သွားလာခြင်း မပြုရန် ၂၀၂၄ ခုနှစ်တွင် တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။