Home သတင်း ပညာသင်ရန် လုံခြုံသည့်နေရာနှင့်အထောက်အပံ့များ လိုအပ်နေကြောင်း တောင်ငူခရိုင်ပညာရေးမှူးပြော

ပညာသင်ရန် လုံခြုံသည့်နေရာနှင့်အထောက်အပံ့များ လိုအပ်နေကြောင်း တောင်ငူခရိုင်ပညာရေးမှူးပြော

915
Photo: Htolwe Wah

မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂) တောင်ငူခရိုင်အတွင်း ဖွင့်လှစ်ထားသည့် ကရင့် ပညာရေးနှင့်ယဥ်ကျေးမှုဌာန-KECD လက်အောက်ရှိ စာသင်ကျောင်းများ ပညာဆက်လက်သင်ယူနိုင်ရေး လုံခြုံသည့်နေရာအပါအဝင် ကျောင်းသုံးပစ္စည်းများ၊ ဘော်ဒါဆောင်များနှင့်ဆရာဆရာမ လိုအပ်ချက်များ ရှိနေကြောင်း ခရိုင်ပညာရေးမှူး ပဒိုစောဟဲစိုးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ကိုဗစ်ကာလတွင် တောင်ငူခရိုင်၊ သံတောင်ကြီးနှင့် ထန်းတပင်မြို့နယ်ရှိ မြန်မာအစိုးရ စာသင်ကျောင်းအချို့ပိတ်သိမ်းသွား၍ KECD ပညာသင်ရိုးဖြင့် ကိုယ်ထူကိုယ်ထကျောင်းများလည်း တိုးလာရာ အရေအတွက်များလာသည်နှင့်အမျှ လိုအပ်ချက်များလာသည်။

ထို့အပြင် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင်လည်း လက်နက်ကိုင်ပဋိပက္ခများအပြင် စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးသုံး ခြိမ်းခြောက်ပစ်ခတ်မှုများ ဖြစ်ပွားနေသဖြင့် ပညာဆက်လက် သင်ယူနိုင်ရေးအတွက် လုံခြုံသည့်နေရာ လိုအပ်နေသည်ဟု ကေအဲန်ယူ၏တောင်ငူခရိုင်ပညာရေးမှူး ပဒိုစောဟဲစိုးက ကေအိုင်စီနှင့်သီးသန့်အင်တာဗျူးတွင် ပြောသည်။

၎င်းက “ကျောင်းတွေ များလာတာနဲ့အမျှ အရည်အချင်းရှိတဲ့ ကျောင်းဆရာ၊ဆရာမတွေ လိုအပ်တယ်။ ဖတ်စာအုပ်၊ သင်ရိုးညွှန်း၊ ကျောင်းဆောင်၊ ကျောင်းသုံးပစ္စည်းနဲ့ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းသွားလာဖို့လည်း ခက်ခဲတယ်။ လေယာဉ် ခြိမ်းခြောက်မှုဖြစ်ဖြစ် ဗုံးကြဲတာ လက်နက်ကြီးပစ်တာတွေက ကလေးတွေစာသင်နေတဲ့အချိန် အဖြစ်များတယ်။ ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေအတွက် လုံခြုံမှုရှိ တဲ့နေရာတွေ၊ ပညာရေးမှာ ပံ့ပိုးနိုင်တဲ့အထောက်အပံ့တွေ အဓိက လိုအပ်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အာဏာသိမ်းထားသည့်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့များက တောင်ငူခရိုင်အတွင်း စစ်ကောင်စီက ကျေးရွာများအတွင်း လှည့်လည်စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများ လက်ရှိအချိန်ထိပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းဗုံးကြဲခြင်း လုပ်ဆောင်မှုတို့ကြောင့် ဒေသခံများ၏အသက်အိုးအိမ်နှင့် လုပ်ကိုင်စားသောက်မှုဘဝ ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ကေအဲန်ယူ၏ ခရိုင်အုပ်ချုပ်ရေးကို စီမံလုပ်ကိုင်နေသူတို့နှင့် ဒေသခံများ၏ပြောပြချက်အရ သိရှိထားသည်။

ထိုသို့ပစ်ခတ်ရာတွင်လည်း စစ်ရေးပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းနေရာများပါ ခြွင်းချက်မရှိပါဝင်ပြီး ယခု မေလ(၆)ရက်နေ့က ထန်းတပင်မြို့နယ်ရှိ ထိုလွီဝါးအထက်တန်းကျောင်းနယ်မြေအတွင်း ဒုတိယအကြိမ်အဖြစ် စစ်ကောင်စီ၏ လက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့သေးသည်။

ခရိုင်ပညာရေးဌာနက စာရင်းပြုစုချက်အရ တောင်ငူခရိုင်တွင် သံတောင်ကြီးနှင့်ထန်းတပင်မြို့နယ်နှစ်ခုရှိပြီး KECD လက်အောက်တွင်ဖွင့်လှစ်ထားသည့် ကျောင်းများ မြို့နယ်နှစ်ခုပေါင်း၂၁၄ ကျောင်းနှင့် ပညာသင်ကြားနေသူ ကျောင်းသူကျောင်းသား ၁၄,၀၀၀ ကျော်ရှိသည်။

တောင်ငူခရိုင်အပြင် ကေအဲန်ယူထိန်းချုပ်နယ်မြေ ခရိုင်ခုနှစ်ခုလုံးရှိ စာသင်ကျောင်းများမှာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများအကြား ကြောက်ရွံ့စိတ်ဖြင့် ပညာသင်ခဲ့ရကြောင်းလည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အထက်တန်းအဆင့် အောင်မြင်မှုအခြေအနေအပေါ် KECD ၏အခြေခံပညာရေးမှူးက မှတ်ချက်ပြုထားသည်။