မေ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်၊ လိပ်သို-သံတောင်-တောင်ငူလမ်းမကြီး ပြန်မဖွင့်သေးသဖြင့် ဒေသခံများ ကုန်ပစ္စည်းနှင့်ရိက္ခာဝယ်ယူရန် လတ်တလောအသုံးပြုနေရသည့် ထုံးဘိုကြီး- ရေတာရှည်လမ်းကို စစ်ကောင်စီက ပြီးခဲ့သည့် မေလ ဒုတိယအပတ်မှစကာ ဖြတ်သွားခွင့်မပေးဘဲ ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
လုံခြုံရေးအခြေအနေကြောင့် လိပ်သို-သံတောင်-တောင်ငူ လမ်းမကြီးကို ကေအဲန်ယူတပ်မဟာ(၂)ဘက်က ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှစတင်ကာ အကန့်အသတ်မရှိပိတ်ထားခြင်းဖြစ်ပြီး အရေးပေါ်ကိစ္စအတွက် သွားလာလိုသူများမှာ ရွာချင်းဆက်တောလမ်းအချို့ကို အသုံးပြုနေရသည်။
ယင်းတွင် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ ထုံးဘိုကြီးရွာမှ ရေတာရှည်မြို့နယ်အတွင်းရှိ ရေတာရှည်-ဆွာ-မြို့လှ-ရေနီအထိပေါက်သည့် လမ်းလည်းတစ်ခုအပါအဝင်ဖြစ်ပြီး အဆိုပါလမ်းကိုလည်း စစ်ကောင်စီက မေလ ဒုတိယအပတ်မှစတင်ကာ ပိတ်လိုက်ကြောင်း နယ်ခံရွာသားတစ်ဦးကပြောသည်။
“ခရိုင်ချင်းဆက်လမ်းလို့လည်းသိကြတယ်။ လိပ်သို-တောင်ငူလမ်းကနေ ထုံးဘိုကြီးကိုဖြတ်ပြီး အဲဒီလမ်း ကနေသွားရင် ဆွာ၊ သာဂရ၊ ရေနီဘက်ကိုသွားတဲ့လမ်းရှိတယ်။ သူများတွေ ကုန်တွေ ဥပမာ-ဆန်၊ ဆီ၊ ဆား ဝယ်ဖို့သုံးကြတယ်လ။ ဒီ ၁၅ ရက်နေ့လောက်ကတည်းက စစ်ကောင်စီဘက်က ပိတ်တာ။ လူတွေဒုက္ခရောက်အောင်လုပ်တဲ့သဘောပေါ့” ဟု အဆိုပါ ရွာသားက ကေအိုင်စီသို့ ပြောသည်။
ဒေသတွင်း ကုန်ပစ္စည်းဝယ်ယူရေး၊ ခရီးသွားလာရေး အပြင် စစ်ကောင်စီ၏ရိက္ခာနှင့်အင်အား ဖြည့်တင်းရေးအတွက် အဓိကသုံးနေရသော သံတောင်-တောင်ငူလမ်းမကြီးကို ကေအဲန်ယူဘက်က ပိတ်ထားသည့် ၁၈ ရက်တာကာလတွင်လည်း ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကို ဒေသခံများရင်ဆိုင်နေရသည်။
သံတောင်ကြီးမြို့နေ အမျိုးသမီးတစ်ဦးက “ဆိုင်ကယ်ဆီဆို လမ်းပိတ်ပြီးနောက်ရက် တစ်လီတာ တစ်သောင်းအထိ ဈေးတက်တယ်။ ရောင်းတဲ့သူတွေက တောလမ်းကိုပတ်ပြီး ဟိုးအဝေးကြီးကနေ သွားဝယ်လာရတယ်။ တချို့ကျတော့ ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး တောင်ငူလမ်းကနေလာတဲ့ ဈေးသည်တွေ ဈေးလာရောင်းကြတယ်။ ဒါပေမဲ့ ဒီတစ်ရက်နှစ်ရက်မလာတော့ဘူး။ အခုက ဆိုင်တွေတော်တော်များများ ရောင်းကုန်သွားပြီ။ ကျမတို့ကတော့ တစ်လစာလောက်ရဦးမယ်” ဟု ဆိုသည်။
ထို့အပြင် သံတောင်ကြီးမြို့အခြေစိုက်သည့် ဘုရင့်နောင်တပ်ရင်းဘက်က ယခုရက်ပိုင်း လက်နက်ကြီး များပစ်ထုတ်နေသလို လမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်ရင်းတချို့ကလည်း ၎င်းတို့သံသယရှိသည့်နေရာများကို လမ်းပိတ်ပြီးနောက်ပိုင်း လက်နက်ကြီးပစ်ခတ်နေကြောင်း နယ်ခံများကပြောသည်။
သံတောင်-တောင်ငူလမ်းပိတ်သည့်ကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ(၂)ဘက်က စာထုတ်ပြန် လာခဲ့ပြီးနောက် KNLA တပ်ရင်း(၅) စည်းတံဆိပ်ကိုတုပပြီး လမ်းပြန်သွား၍ရပြီဖြစ်ကြောင်း မေလ(၄)ရက်နေ့ဖြင့် စာအတုတစ်စောင် လူမှုကွန်ရက်ပေါ်၌ပေါ်ထွက်ခဲ့သေးသည်။ တပ်ရင်း(၅)ဘက်က ထိုစာမဟုတ်မမှန်ဟု ထုတ်ပြန်ခဲ့ပြီး လမ်းပြန်ဖွင့်မည့်ရက်ကို အသိပေးသွားမည်ဖြစ်ကြောင်းလည်း KNU တောင်ငူခရိုင်၏ အုပ်ချုပ်ရေးတာဝန်ရှိသူတို့က ဆိုသည်။



















