Home သတင်း စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ကျိုက်ထိုဒေသခံ ၃၀၀၀ နီးပါး တိမ်းရှောင်နေရ

စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ကျိုက်ထိုဒေသခံ ၃၀၀၀ နီးပါး တိမ်းရှောင်နေရ

944
Photo: CJ

မေလ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံခရိုင်)၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာ (၆)ရွာမှ ဒေသခံပြည်သူ (၂၇၂၁) ဦး တိမ်းရှောင်နေရသည်ဟု KNU ဒူးသထူခရိုင်က ယနေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျိုက်ထိုမြို့နယ်၊ ဝင်းကံ‌ကျေးနယ်ရှိ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစုနှင့် အညာစု စသည့် ကျေးရွာများမှ အိမ်ခြေ (၆၅၄) အိမ်မှ စုစုပေါင်း အရပ်သား ပြည်သူ ( ၂၇၂၁) ဦး တို့သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့်အတွက် စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းနှင့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများကဲ့သို့ အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒူးသထူခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က “လက်နက်ကြီး၊ လေယာဉ်တွေကြောင့် ထွက်ပြေးတိမ်း ရှောင်နေ တဲ့ကျိုက်ထို ဒေသခံတွေကတော့ အိမ်မပြန်ရဲသေးရှောင်နေတုန်းပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

သထုံခရိုင်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကို စစ်ကောင်စီ၏ အမှတ်(၃၁၀) အမြောက်တပ် တပ်ရင်းနှင့် လေကြောင်းတိုက်ခိုက်မှုကို ဂျက်ဖိုက်တာတို့ဖြင့် အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ခရိုင်က ထုတ်ပြန်ထားသည်။

ထို့အပြင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများကို မေလ ၁၃ ရက်နှင့် ၁၄ ရက်အတွင်း စစ်ကောင်စီ အမြောက်တပ် (အမတ-၃၁၀) နှင့် ပဲခူးတိုင်း-ဝေါမြို့နယ် ဆင်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့တို့မှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားများ နေထိုင်ရာသို့ ၁၂၂ မမ လက်နက်ကြီး (၁၄) လုံးတိတိ ပစ်ခတ်ခဲ့ကြောင်း၊ လေကြောင်းမှတဆင့် ဗုံးသီး (၁) လုံး ကြဲချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ မေလ (၁၄) ရက်နေ့တွင်လည်း တပ်မဟာ (၃) နယ်မြေ၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံအလုံးရေ (၂) လုံး ကြဲချတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု KNU က ဆိုသည်။

တပ်မဟာ(၁)နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထို၊ ဖားအံနှင့် ဘီးလင်းမြို့နယ်တို့တွင် ဧပြီလအတွင်း စစ်ကောင်စီက ကျေးရွာများသို့ လက်နက်ကြီး (၁၁) ကြိမ်၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၃) ကြိမ် စုစုပေါင်း (၁၄)ကြိမ် ပစ်ခတ်မှုကြောင့် သံဃာတော် တစ်ပါး အပါအဝင် အရပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု ခရိုင်က ပြုစုထုတ်ပြန်သည့် လချုပ်စာရင်း၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ တစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့တိုက်ပွဲ (၈)ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူက ပြုစုထားသည့် စာရင်းအရ သိရသည်။