Home သတင်း ထောင်တွင်း အစားအသောက်နှင့် သောက်သုံးရေများကြောင့် နိုင်ကျဥ်းများ ကျန်းမာရေးပြဿနာကြုံနေရ

ထောင်တွင်း အစားအသောက်နှင့် သောက်သုံးရေများကြောင့် နိုင်ကျဥ်းများ ကျန်းမာရေးပြဿနာကြုံနေရ

859
Photo: Social Media

မေလ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်း၊ သာယာ၀တီမြို့နယ်ရှိ သာယာဝတီအကျဉ်းထောင်တွင် အကျဥ်းချခံထားရသည့် နိုင်ငံရေး အကျဥ်းသူအကျဥ်းသားများသည် ထောင်တွင်းက အစားအသောက်နှင့် သောက်သုံးရေများကြောင့် ကျန်းမာရေး ပြဿနာများကြုံတွေ့ခံစားနေရကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ ( WPP) ပြောသည်။

အဆိုပါ နိုင်ငံရေး အကျဥ်းသားသူ အကျဥ်းသားများသည် အကျဥ်းထောင်အတွင်း ကျွေးမွေးသည့် အစားအသောက်များထဲသို့ ဓာတုဆေးပါဝင်မှုများနှင့် မသန့်ရှင်းသော ရေများအသုံးပြုရမှုကြောင့် ယခုလို ကျန်းမာ‌ရေး ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်သည်။

အကျဥ်းထောင်အတွင်း ကျွေးမွေးသည့် အစားအသောက်များကြောင့် ဝမ်းပျက်ဝမ်းလျှောနှင့် အစာအိမ်ရောင်သည့် ရောဂါများအပြင် ရေမသန့်ရှင်းကြောင့် အရေပြားရောဂါကဲ့သို့ ရောဂါဝေဒ နာများကို ပိုမိုဆိုးရွားစွာ ကြုံတွေ့လာရကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ ( WPP) တာဝန်ရှိသူ မဇူးဇူးမေယွန်းက ပြောသည်။

၎င်းက “ လက်ရှိဆိုရင် ကျန်းမာရေးဆိုးဆိုးရွားရွားတွေ ကြုံနေရတာ ရှိတယ်။ သာယာဝတီ‌ထောင်မှာ ကျွေးနေတဲ့ ပဲဟင်းတွေမှာ ဆော်ဒါမှုန့်တွေ များပြီးတော့ အကျဥ်းသူ အကျဥ်းသားတွေမှာ ဝမ်းပျက် ဝမ်းလျှော ရောဂါတွေ ဖြစ်ကြတယ်။ မသန့်တဲ့ ရေတွေပါ ချိုးရတာ ဖြစ်တဲ့အတွက် အရေပြားရောဂါတွေ ဖြစ်တယ်။ ထောင်က ကျွေးတဲ့ ပဲဟင်းနဲ့ ထမင်းက အဓိက စားသုံးနေရတာမို့လို့ နိုင်ငံရေး အကျဥ်းသား အကျဥ်းသူတွေဟာ ယခုလိုပဲ စားပြီး တောင့်ခံနေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို အစားအသောက်ဆိုးရွားခြင်းများသည် ၂၀၂၃ခုနှစ်ကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ပိုမိုဆိုးရွားလာခြင်း ဖြစ်ကြောင်း၊ မိသားစုများနှင့် ထောင်ဝင်စာ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များသည် ထောင်ဝင်စာပါဆယ်များ၌ ဆေးဝါးများပေးပို့နေရခြင်းများရှိကြောင်း မဇူးဇူးမေယွန်းက ဖြည့်စွက်ပြောသည်။

အကျဥ်း‌ထောင်အတွင်း ထောင်အာဏာပိုင်များက ယခုလို လုံလောက်သော အာဟာရ ကျွေးမွေးမှု မရှိခြင်းသည် သာယာဝတီ ထောင်အပြင် အခြားသော သတင်းအမှောင်ချထားခံသော အကျဥ် ထောင်များအနေဖြင့် အကျဥ်းသား အခွင့်အရေး ချိုး‌ဖောက်ခံရမှု အခြေအနေ ဆိုးရွားနိုင်ကြောင်း နိုင်ငံရေးအကျဥ်းသူဟောင်းများ ဖြင့်ဖွဲ့စည်းထားသည့် WPP က မှတ်ချက်ပြု ပြောဆိုသည်။

ထို့အပြင် WPP အနေဖြင့် အကျဥ်းဦးစီးများ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ရရာနည်းဖြင့် ဖော်ထုတ်ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ အကျဉ်းထောင်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့မှုများကြောင့် နိုင်ငံရေးအကျဉ်းသား ကိုးဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က မေလ (၅) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းမှ ယခု မေလ(၁၅)ရက်နေ့အထိ အာဏာသိမ်းဖြစ်စဥ်နှင့်စပ်လျဥ်း၍ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နှင့် အရပ်သားပြည်သူ စုစုပေါင်း (၂,၉၁၄၈) ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ မှတ်တမ်းများအရ သိရသည်။