Home သတင်း ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ စစ်ရှောင်ဦးရေ ၁ သောင်းကျော် ထပ်တိုးလာ

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ စစ်ရှောင်ဦးရေ ၁ သောင်းကျော် ထပ်တိုးလာ

1010
Photo: CJ

မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်အင်အား ရာနှင့်ချီ၍ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ‌ကျေးရွာ (၃၆) ရွာမှ ဒေသခံ (၁၇၆၀၂) ဦး တိမ်းရှောင်နေရပြီး စစ်ရှောင်ဦးရေ ၁ သောင်းကျော် ထပ်မံ တိုးလာကြောင်း ကေအဲန်ယူနှင့် ဒေသခံသတင်းအရင်းမြစ်တို့ထံမှ သိရသည်။

KNU ဒူးသထူခရိုင်က၏ မေလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ လေကြောင်း နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်း ယခင် ဒေသခံပြည်သူ (၂၇၂၁) ဦး တိမ်းရှောင်နေရဆဲ ဖြစ်ကာ ယခု စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် လူဦးရေ (၁၄,၈၈၁) ဦး ထပ်မံ တိမ်းရှောင်နေရခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ အမှတ်(၁၀၁ ) ခြေမြန်တပ်မဌာနချုပ်၏ အခြေစိုက် ပခုက္ကူလက်အောက်ရှိ တပ်ရင်းများမှ အင်အား (၂၀၀) ကျော်ရှိသည့် ထုတ်နှုတ်အင်အားများဖြင့် စစ်ကြောင်း (၂)ကြောင်း၊ အမှတ် (၄၄) ခြေမြန်တပ်မဌာနချု၏ အခြေစိုက် ကျိုက်ထို တောင်ကလေး အင်းဝ လက်အောက်ရှိ ခြေမြန်တပ်ရင် (ခမရ-၂၀၇)မှ အင်အား (၁၅၀)ကျော် ပါဝင်သည့် စစ်ကြောင်း (၂)ကြောင်းတို့ဖြင့် မေလ (၁၄) ရက်မှ စတင်၍ ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ကေအဲန်ယူ တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး က “ သူတို့ တက်လာတဲ့ ရည်ရွယ်ချက်က ဒီဘက်က မြို့ထဲဝင်မယ်လို့ သူတို့ဘက်က ကြားတာရယ်၊ နောက်တစ်ခုက ကျနော်တို့ သိမ်းထားတဲ့ နေရာတွေ၊ PDF နေရာတွေအကုန်လုံးကို ရှင်းဖို့အတွက် သူတို့ ရည်ရွယ်ချက်ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကြောင်းထိုး ဝင်ရောက်လာမှုအတွင်း စစ်တပ်ဘက်က လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံသောင်းချီသည် နီးစပ်ရာနေရာများနှင့် တောတောင်များထဲသို့ ယခုလို ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု နယ်မြေခံသတင်းအရင်းအမြစ်များထံမှသိရသည်။

Photo: CJ

အဆိုပါ စစ်ကောင်စီ၏ စစ်ကြောင်းထိုးလာမှုကြောင့် ဝင်းကံ၊ ခရွဲ၊ ပျဥ်းကတိုးကုန်း၊ ဇီးပြောင်းနှင့် ကျောက်ဖြာ စသည့် ကျေးရာအုပ်စု (၅) အုပ်စုအတွင်းရှိ အိမ်ခြေ (၃၃၁၁) အိမ်မှ စုစုပေါင်း အရပ်သား ပြည်သူ ( ၁၇၆၀၂) ဦး တို့သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့်အတွက် စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းနှင့် ကျန်းမာ‌ရေး စောင့်ရှောက်မှုများကဲ့သို့ အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

“လိုအပ်ချက်ကတော့ အင်မတန်မှ ကြီးမားပါတယ်။ ဒီတပ်မဟာ (၁) ဘက်မှာက စစ်ရေး အခြေအနေပေါ်အရ ဆက်ပြီး ဖြစ်နေဦးမယ်လို့ ယူဆရတယ်။ အဲဒီတော့ စစ်ရှောင်တွေက ရေရှည်ရှောင်ရမယ့် ပုံတွေ ဖြစ်တယ်။ လောလောဆယ် ကူညီထောက်ပံ့မှုတွေအနေနဲ့ အရင်ရှိ ထားပြီးသား စစ်ဘေးရှောင်တွေအတွက်ပဲ ရှိသေးတယ်။ ဒီ သောင်းနဲ့ချီ စစ်ဘေးရှောင်အသစ်တွေအတွက်က အကူအညီတွေ ထပ်လိုသေးတယ်” ဟု ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများ ကော်မတီ-CIDKP ဒုညွှန်ကြားရေးမှူးစောခဲလေက ပြောသည်။

လက်ရှိတွင်လည်း KNU ထိန်းချုပ်နယ်မြေများတွင် ကရင့်လက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုအပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှုပ်ရှားခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုတို့ကို ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်တို့က ပြောသည်။

ကရင်ပြည်တွင်း ဌာနေစွန့်ခွာရသူများဆိုင်ရာကော်မတီ-CIDKP ၏ စာရင်းအရ အာဏာသိမ်းမှုဖြစ်ပွားပြီး ယခု ၂၀၂၅ ခုနှစ် မတ်လကုန်အထိ သထုံခရိုင်တွင် စစ်ဘေးရှောင်(IDP) ဦးရေ ၁ သိန်း ၄ သောင်းကျော်ရှိသည်။