မေ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ဗဟို၏ စစ်ရေး၊ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောထူးထူးလေး ယမန်နေ့ မေလ ၁၇ ရက်နေ့ ထိုင်းစံတော်ချိန် ည ၁၀ နာရီ ၂၀ မိနစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ တူမဖြစ်သူနေအိမ်၌ အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွယ်သွားကြောင်း သူ၏ဆွေမျိုး၊မိတ်ဆွေများထံမှ သိရသည်။
ကွယ်လွန်ချိန်တွင် အသက် (၇၈)နှစ်ရှိပြီဖြစ်သော စောထူးထူးလေးသည် ၂၀၁၂ ခုနှစ်က ကျင်းပသည့် ကေအဲန်ယူ၏ (၁၄)ကြိမ်မြောက်ကွန်ကရက်တွင် ကေအဲန်ယူ-ဗဟို၏တရားဝင်အကြံပေးပုဂ္ဂိုလ်အဖြစ် ၎င်းသေဆုံးချိန်အထိ တာဝန်ထမ်းဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
၎င်းကွယ်လွန်ခြင်းအပေါ် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက “ဗိုလ်မှူး စောထူးထူးက အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူက ကြီးလေးတဲ့ တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင်လည်းဖြစ်တယ်။ လူငယ်တွေကို ဦးဆောင်ဦးရွက်လမ်းညွှန်မှုတွေလုပ်တာ သူခေါင်းချသွားတဲ့အထိပါပဲ။ အဲဒါကြောင့် သူမရှိတော့တာက ကျနော်တို့ အဖွဲ့အစည်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်။” ဟု ပြောသည်။
ကရင့်တော်လှန်ရေးကာလ ၁၉၇၉ ခုနှစ်ကတည်းက ကေအဲန်ယူ တပ်မဟာ(၆)ထိန်းချုပ်နယ်မြေသို့ စတင်ရောက်ရှိပြီး KNLA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာသည့် စောထူးထူးလေးမှာ ဗိုလ်ကြီးအဆင့်သို့တိုးမြှင့်ပေးအပ်ခြင်းခံရသည့် ၁၉၈၀ ခုနှစ်တွင် တရားစီရင်ရေးဌာနနှင့် KNDO ၏ ကာကွယ်ရေးဌာနကို တွဲဖက်တာဝန်ယူရသည်။
ထို့နောက် ၁၉၉၁ ခုနှစ်တွင် ဗိုလ်မှူးကြီးရာထူးသို့ပေးအပ်ခံခဲ့ရပြီး ၁၉၉၅ ခုနှစ် တွင်ကျင်းပသည့် ကေအဲန်ယူ ၁၁ ကြိမ်မြောက်ကွန်ကရက်၌ အထွေထွေအတွင်းရေးမှူး(၂)အဖြစ်လည်းကောင်း၊ (၁၂)ကြိမ်နှင့် (၁၃)ကြိမ်မြောက်ကွန်ဂရက်တို့တွင် အထွေထွေအတွင်းရေးမှူး (၁)အဖြစ်လည်းကောင်း ရွေးချယ်တင်မြှောက်ခံခဲ့ရသူလည်း ဖြစ်သည်။
“သူက လူငယ်တွေ၊ ကျနော်တို့လို တာဝန်ရှိသူတွေကို တွေ့ဆုံတဲ့အခါမှာ အမြဲတမ်း အားပေးတယ်။ ကျနော်တို့ ကြားရတဲ့အခါမှာ တကယ်စိတ်ဓာတ်ခွန်အားတွေဖြစ်စေတယ်။ သူသက်ရှိထင်ရှားရှိစဉ်က ကျနော်တို့ ကရင်အမျိုးသားတွေအတွက် အကောင်းဆုံး ပေးဆပ်ခဲ့တယ်။ သူလမ်းပြခဲ့တဲ့ စံပြကောင်းတွေကို အတုပြီး ကျနော်တို့ကျန်ရစ်သူတွေက ဆက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။” ဟု ဗိုလ်မှူးချုပ် စောရှီးလေက ဖြည့်စွက်ပြောသည်။
ဗိုလ်မှူးကြီးစောထူးထူးလေးကို ၁၉၄၇ ခုနှစ် မေလ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့၌မွေးဖွားခဲ့ပြီး မောင်နှမသုံး ယောက်ရှိသည့်အနက် အကြီးဆုံးသားဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေဖြင့်ဘွဲ့ရရှိပြီးနောက် တရားရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရင်း ဖားအံမြို့သို့ပြောင်းလဲတာဝန်ကျသည့် ၁၉၇၇ ခုနှစ်နောက်ပိုင်းမှ စ၍ တော်လှန်ရေးလုပ်ဆောင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့်အတူ သမီး ၃ ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။



















