မေ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက စာသင်ကျောင်း၊ ဆေးရုံနှင့် လူစုလူဝေးရှိသည့်နေရာများကို ဗုံးကြဲမှု ပြုလုပ်နေသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာန လက်အောက်၊ မြေပြင်ရှိ ကြားကာလ ပညာ ရေးကျောင်းများကို ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ယာယီ ပိတ်ထားရန် NUG က ညွှန်ကြားလိုက်သည်။
NUG အနေဖြင့် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ၎င်းတို့ လက်အောက်တွင် ပညာမသင်ကြားလိုသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ထိန်းချုပ်နယ်မြေများတွင် ကျောင်းသူ၊ ကျောင်းသားများအတွက် ကြားကာပညာရေးအဖြစ် မြေပြင်၌ အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများ ဖွင့်လှစ်သင်ကြားခဲ့သည်။
သို့သော်လက်ရှိ စစ်ကောင်စီက စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်နေပြီး ပြီးခဲ့သည့် မေ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာ ရှိ NUG ကြားကာလ အခြေခံပညာကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချခဲ့ရာ ကျောင်းသူ၊ ကျောင်းသား ၂၀ ဦး၊ ဆရာ၊ ဆရာမ ၂ ဦးနှင့် ၄၀ ဦးထိခိုက်ဒဏ်ရာရခဲ့ သည်။
ထို့ကြောင့် NUG ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့် ဖွင့်လှစ်သင်ကြား ပေးနေ သည့် အခြေခံပညာ ပြည်သူ့ အခြေပြုပညာရေးကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများနှင့် သက်မွေးပညာ ကျောင်းအားလုံး ဘေးအန္တရာယ် ကင်းရှင်းရေးအစီအမံများ ဆောင်ရွက်နေစဉ်အတွင်း ယာယီ ရပ်နားထားမည်ဟု မေ ၂၆ ရက်နေ့တွင် NUG က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စစ်တပ်မှမြန်မာနိုင်ငံတွင် အာဏာသိမ်းယူသည့်အချိန်မှ စတင်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၊ ပညာသင်ကြားခွင့် မဆုံးရူံးစေရန်အတွက် ကြားကာလ ပညာသင်ကြားနိုင်ရေးကို နည်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မေလအတွင်းထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းအမျိုးမျိုးပြ သတ်ဖြတ်မှု များကြောင့် ပညာရေးပိုင်းကဏ္ဍမှ ကျောင်းဆရာ၊ ဆရာမအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၀ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေး အသင်း- AAPP က ပြုစုထားသည့် စာရင်းများ အရသိရသည်။



















