Home သတင်း ကျောက်ကြီးတွင် မင်္ဂလာဆောင်ပွဲ ပေါင် ၅၀၀ ဗုံး ကြဲခံမှု သတို့သမီးနှင့် ကလေးများအပါအဝင် ၁၀ ဦး သေဆုံး၊...

ကျောက်ကြီးတွင် မင်္ဂလာဆောင်ပွဲ ပေါင် ၅၀၀ ဗုံး ကြဲခံမှု သတို့သမီးနှင့် ကလေးများအပါအဝင် ၁၀ ဦး သေဆုံး၊ ဒဏ်ရာရသူ များပြား

678

မေ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာတွင် မင်္ဂလာဆောင်ပွဲ ပြုလုပ်နေချိန် ယနေ့မနက်ပိုင်းတွင် စစ်ကောင်စီကဗုံးကြဲတိုက်ခိုက် ခဲ့ပြီး သတို့သမီး၊ ကလေးများအပါအဝင် သေဆုံးသူ ၁၀ ဦးရှိကာ ထိခိုက်ဒဏ်ရာရှိသူ ၂၀ ဦးထက်မနည်း ရှိသည်ဟု ဒေသခံ သတင်းရင်းမြစ်တချို့က ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် ယနေ့ မေ ၂၅ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် မင်္ဂလာဆောင်ပွဲ အခမ်းအနား ပြုလုပ်နေသည့် နေအိမ်သို့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“သတိုးသမီးက နေရာတင် ပွဲချင်းပီးပဲ။ လောလောဆယ် ထိခိုက်သေဆုံးတာကတော့ ၁၀ ယောက်လောက် ရှိတယ်။ ဒဏ်ရာရတာတော့ ၂၀ ကျော်လောက် ရှိတယ်။ အိမ်နှစ် အိမ်ကတော့ လုံးဝ ပျက်စီးသွားပြီး အစအန ထိပြီး နည်းနည်းပါးပါး ပျက်စီးတာက အများကြီးပဲ။ ခြေပြတ်လက်ပြတ်ထိတာ ၄ ယောက်လောက် ရှိတယ်။ ထိတာ ရွာသားတွေချည်းပဲ “ ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

သေဆုံးသူများထဲတွင် အသက် ၄ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ်မျာအပါအဝင် ၁၀ ဦးအထိ ရှိလာပြီး ဒဏ်ရာ ရသူ ၂၀ ဦးရှိကြောင်း ၊ ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း သိရသည်။

ဗုံးကြဲခံရမှု ဖြစ်ပွားခဲ့သည့် ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာသည် ကေအဲန်ယူ၊ ခလယ်လွီထူး (ညောင်လေးပင်) ခရိုင်၊ စီမံအုပ်ချုပ်နေသည့် ဒေသထဲတွင်ပါဝင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ကေအိုင်စီ သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် မေ ၂၁ ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ သံဆိမ် စခန်းမှ စစ်ကောင်စီတပ်၏ စုပေါင်းတပ်များ ပစ်ခတ်မှု ကြောင့် ဒေသခံ (၂) ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရသည်ဟု KNU တပ်မဟာ (၃) က ထုတ်ပြန်ထား သည်။

အလားတူ မေ ၂၃ ရက်ကလည်း စစ်ကောင်စီတပ်၏ ခမရ-၃၀၇ မှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ရာ မတောကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး စစ်ရှောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ (၂) ဦး ထိမှန် သေဆုံး ခဲ့သည်ဟု KNU တပ်မဟာ (၃) ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများရှိ ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိပြီး အရပ်သား ပြည်သူများ၊ သေဆုံး၊ ထိခိုက်မှုများရှိသလို တချို့ စစ်ဘေးရှောင်နေရမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။