Home တွေ့ဆုံမေးမြန်းခန်း မြန်မာအင်တာနက်ပရောဂျက်(MIP) မီဒီယာတာဝန်ခံ ဦးဟန်နှင့် ဆက်သွယ်မေးမြန်းချက်

မြန်မာအင်တာနက်ပရောဂျက်(MIP) မီဒီယာတာဝန်ခံ ဦးဟန်နှင့် ဆက်သွယ်မေးမြန်းချက်

591
Photo-Myanmar Internet Project

“မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ သုညအောက် အနုတ်လက္ခဏာသဘော အဆိုးဆုံး အခြေအနေကို ရောက်ရှိ နေပါတယ်”

မေလ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု ပြုလုပ်ချိန်တွင် ကနဦး ပြုလုပ်ခဲ့သည်မှာ ဖုန်းလိုင်း နှင့် အင်တာနက် ဖြတ်တောက်မှုဖြစ်သည်။ လက်ရှိအာဏာသိမ်း ၄ နှစ်ကျော်ချိန် နိုင်ငံတစ်ဝှမ်း စစ်ရေးပဋိပက္ခများ ပြည့်နှက်နေပြီး စစ်ကောင်စီက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို လုံးဝ ပိတ်ပင်ထားသလို ၎င်းတို့ကို ဝေဖန်သူ စစ်တပ်ထောက်ခံသူများကိုပင် ထောင်သွင်းအကျဉ်းချသည်အထိ ပြုလုပ်လျက်ရှိပါသည်။

အခြားတစ်ဖက်တွင်မူ တော်လှန်ရေးတပ်များကလည်း လုံခြုံရေးအတွက် ရည်ရွယ်သည်ဟုဆိုကာ အင်တာနက် ဖြတ်တောက်ခြင်းများကို ထိန်းချုပ်ဒေသများတွင် ပြုလုပ်လေ့ရှိပါသည်။ ယခုလို အခြေအနေများနှင့် ပတ်သက်၍ အာဏာသိမ်း ဖြစ်စဉ် နောက်ပိုင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ထဲမှတစ်ခု အပါအဝင်ဖြစ်သည့် အင်တာနက် လွတ်လပ်ခွင့်ကိုစောင့်ကြည့်လေ့လာနေသူ မြန်မာအင်တာနက်ပရောဂျက်မှ မီဒီယာတာဝန်ခံဦးဟန်နှင့်ဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။

မေး။ ။ ပထမဦးဆုံး မြန်မာအင်တာနက် ပရောဂျက် စတင်ဖြစ်ပုံကို အကျဉ်းချုပ်ပြောပြပေးပါ။

ဖြေ။ ။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှာ မြန်မာအင်တာနက်ပရောဂျက် (MIP)ကို စတင်ခဲ့ ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ထဲမှာ အကျုုံးဝင်နေတဲ့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ကို စစ်ကောင်စီဟာ ပြင်းပြင်း ထန်ထန်ဖိနှိပ်လာပါတယ်။ အင်တာနက်ဖြတ်တောက်မှုတွေ၊ ဖုန်းလိုင်းပိတ်ပင်မှုတွေအပါအဝင် ဒစ်ဂျစ်တယ် ဖိနှိပ်မှုအမျိုးမျိုးကို ပြင်းပြင်းထန်ထန်လုပ်ပါတယ်။

ဒါတွေကို ကာကွယ်နိုင်ဖို့၊ အရပ်ဘက်က အများပြည်သူရဲ့အသံကို ကြားသိနိုင်ဖို့နဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို အသိပေးနိုင်ဖို့ စတဲ့အခြေအနေများအတွက် သုတေသနပြုခြင်း၊ မှတ်တမ်းပြုစု ထုတ်ပြန်ခြင်း၊ မူဝါဒရေးရာများ ထုတ်ပြန်ခြင်းနဲ့ ဒစ်ဂျစ်တယ်အခွင့်အရေး ကာကွယ်တဲ့ ယန္တရားများကို ထိတွေ့စဆက်ဆံခြင်း များကို ဆောင်ရွက်နိုင်ဖို့ နှစ်ပေါင်းများစွာအတွေ့အကြုံရှိ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောချင် ပါတယ်။

Photo- Myanmar Internet Project

မေး။ ။ အင်တာနက် ဖြတ်တောက်နေမှုက အများပြည်သူရဲ့ နေ့စဉ်လူနေမှု ဘဝ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေ အပေါ် ဘယ်လိုအကျိုးသက်ရောက်နေတာ သုတေသနပြုတွေ့ရပါသလဲ။

ဖြေ။ ။ အင်တာနက်ဖြတ်တောက်နေမှုဟာ အများပြည်သူရဲ့အကျိုးစီးပွားအပေါ် တိုက်ရိုက်အကျိုးသက်ရောက် နေပါတယ်။ အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် မိုလေဝသ သတင်းလိုမျိုးကို အချိန်မှီ မရှိနိုင်ခဲ့ကြဘဲ ရေဘေး ဒုက္ခကို ကြိုတင်အကာအကွယ်မှုနည်းစွာနဲ့ ဖြတ်သန်းခဲ့ကြရတယ်။ ငလျင်ဘေးကို ကြုံတွေ့တဲ့ အချိန်မှာ လည်း ဆက်သွယ်ရေး ဖြတ်တောက်ထားတာကြောင့် ကယ်ဆယ်ရေးကိစ္စ၊ ဆွေမျိုးမိတ်ဆွေများနဲ့ အဆက်အသွယ် ပြုရေးကိစ္စတွေမှာ များစွာအခက်အခဲဖြစ်ရပါတယ်။

ဒါကြောင့် မလိုလားအပ်တဲ့ အသက်ဘေးတွေ ရင်ဆိုင်ရပြီး ဆုံးရှုံးခဲ့ကြရပါတယ်။ စစ်ရေးပဋိပက္ခ မြင့်မားတဲ့ ဒေသ တွေမှာ စစ်ဘေးအပြင် ငွေကြေးသုံးစွဲမှုအတွက် မလိုလားအပ်ဘဲ ပိုမိုကုန်ကျတာတွေ၊ ပညာသင်ကြာရေးအတွက် အဟန့်အတား ဖြစ်နေတာတွေ၊ မိသားစုအချင်းချင်း သေရေးရှင်ရေးသတင်း မရတာတွေ၊ အသက်ကယ်သွေးရရှိဖို့ ခက်ခဲနေတာတွေ၊ အွန်လိုင်းအခြေပြု စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မရတာတွေ၊ အဂတိတရားကြီးမားလာတာ တွေစတဲ့ အများပြည်သူရဲ့ နေ့စဉ်လူမှုဘဝအပေါ် အခက်ခဲတွေ့စေမှုတွေဟာ တိုက်ရိုက်ထိပါးနေပါတယ်။

ဒီအပြင် သတင်းတု၊ သတင်းမှားနဲ့ လုပ်ကြံသတင်းတွေ များပြားလာပြီး မြေပြင်မှာ သတင်းအချက်အလက် အမှား များ ပျံ့နှံ့ပြီး သတင်းအချက်အလက်ညစ်ညမ်းမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒီသတင်းအချက်အလက်တွေ မှန်ကန် တယ်၊ မမှန်ကန်ဘူး စသဖြင့် စိစစ်ဖို့၊ သက်ဆိုင်ရာသတင်းဌာန၊ သက်ဆိုင်ရာ သတင်းရင်းမြစ်တွေကို သွားဖတ်ရှုဖို့ မဖြစ်နိုင်တဲ့ အခြေအနေတွေကြောင့် ကောလာဟလများ ကြီးထွားလာတယ်။ အခြေအနေမှန်နဲ့ ဝေးကွာလာတယ်။ အများပြည်သူရဲ့ ဆုံးဖြတ်ချက်တွေ လွဲချော်လာတယ်။ ဒါကြောင့် လူမှုအဖွဲ့အစည်းဟာ ကမောက်ကမဖြစ်ပြီး အန္တရာယ်ရှိတဲ့ အခြေအနေတစ်ရပ်မှာ ရောက်နေပါတယ်။ အများပြည်သူဟာ ထိတ်လန့်ကြောက်ရွံ့နေရတဲ့ အခြေ အနေ တစ်ရပ်ကို ကြုံနေရပြီး လူမှုဘဝသဟဇာတ ဖြစ်မှုတွေ ပျက်စီးနေပါတယ်။

မေး။ ။ အထူးသဖြင့် ပြည်တွင်းမှာပေါ့ လူသုံးများတဲ့ Facebook ပေါ်မှာ စစ်ကောင်စီကို ဝေဖန်တာနဲ့ ဖမ်းဆီး ခံရတာတွေ အခု ၄ နှစ်အတွင်း ဘယ်လောက်ရှိ ပြီးလဲ။ ဒါက ဘယ်လို သဘောဆောင်ပါသလဲ (ဆိုလိုတာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဘယ်လိုထိခိုက်စေပါသလဲ)။

ဖြေ ။ ။ လူမှုကွန်ရက်မီဒီယာများပေါ်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးပြီး ထုတ်ဖော်ပြောဆိုလို့ ဖမ်းဆီးခံရသူအရေအတွက်ဟာ ကျနော်တို့ မြန်မာအင်တာနက်ပရောဂျက် (MIP)က စာရင်းပြုစုထားနိုင်တဲ့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဧပြီလအထိ ၁,၇၂၉ ဦး ရှိပါတယ်။ စာရင်း မပြုစုနိုင်ခဲ့တဲ့ကာလရယ်၊ အချက်အလက် မရရှိ နိုင်တဲ့အခြေအနေတစ်ရပ်ရှိနေတာကြောင့် (၄)နှစ်တာကာလအတွင်း ဖမ်းဆီးခံရသူအရေအတွက်ဟာ ၁,၇၀၀ ဦး အထက်မှာ အသေအချာ ရှိနေပါတယ်။

ဒီလို ဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိစောင့်ကြည့်လုပ်ဆောင်ခဲ့ပါတယ်။ စစ်ကောင်စီလော်ဘီတွေ ဟာ လူမှုကွန်ရက်မီဒီယာကနေ အချက်အလက်တွေကို ရှာဖွေဖွင့်ချပြီး ဖမ်းဆီးဖို့ တိုက်တွန်းပါတယ်။ ဒီလိုတိုက် တွန်းရာမှာ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းနေကလေးသူငယ် ပါဝင်တဲ့ အထိပါပဲ။ ဒါဟာ ဒစ်ဂျစ်တယ်ဖိနှိပ်မှုကို ဗျောင်ကျကျကျူးလွန်ပြီး လူ့အခွင့်အရေးကို အစွန်းဆုံးထိ ချိုးဖောက်နေတာ ဖြစ်ပါတယ်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပါးစပ်ဟခွင့်မရှိအောင် ပိတ်ပင်ထားတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိတ်သုဉ်းပြီး သုညအောက် ရောက်သွားတဲ့အခြေအနေလို့ ဆိုနိုင်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ညွှန်းကိန်းအရ လူတစ်ဦး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် မရရင်ပဲ ဆုံးရှုံးမှု ကြီးလွန်းတယ်လို့ သတ်မှတ်ချိန်မှာ လူပေါင်း ၁,၇၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံနေရတာကြောင့် ဆိတ်သုဉ်းပြီး သုညအောက် ရောက်နေပြီလို့ ဆိုရခြင်း ဖြစ်ပါတယ်။‌

မေး။ ။ စစ်ကောင်စီက အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ဖို့ ပိုတိုးလုပ်လာတာနဲ့ ပတ်သက်ပြီး ဆရာ တို့ သုတေသန အစီရင်ခံစာတွေမှာ အမြဲတွေ့ရတယ်။ အများပြည်သူတွေ ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ အကြံပြု ပြောပေးပါ။

ဖြေ။ ။ စစ်ကောင်စီဟာစောင့်ကြည့်ရေး ယန္တရားကို အားကောင်းသည်ထက် ကောင်းအောင် တည်ဆောက်နေပါ တယ်။ ဖိနှိပ်ရေးစနစ်တစ်ခုအဖြစ် တည်ဆောက်ပြီး ဖြစ်ပါတယ်။ စောင့်ကြည့်ဖမ်းဆီးမှုတွေကိုလည်း လုပ်ဆောင် နေပါတယ်။ ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ အလွန်ခက်ခဲပါတယ်။ သို့သော်လည်း တတ်နိုင်သရွေ့ရှောင်ရှား နိုင် ဖို့ နည်းလမ်းများလည်း ရှိနေပါတယ်။ ဒီနည်းလမ်းများကို တစ်ထိုင်တည်း စာတစ်ကြောင်းတည်းပြောဖို့ ခက်ခဲ ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ မိမိရဲ့ဒစ်ဂျစ်တယ်သိနားလည်မှုကို မြှင့်တင်ဖို့လိုပါတယ်။ ဒစ်ဂျစ်တယ် ပလက် ဖောင်းပေါ်မှာ နေ့စဉ်နေထိုင်ပြောဆိုမှုတွေကို သတိရှိဖို့ လိုပါတယ်။ မှန်ကန်တိကျတဲ့ သတင်းအချက်အ လက်တွေ ကို ရှာဖွေဖို့ လိုပါတယ်။ အသုံးပြုသင့်ပါတယ်။ ၂၀၂၁ ခုနှစ် နောက်ပိုင်းအခြေအ‌နေများအရ ကျနော်တို့ ပြင်ဆင် ထားတဲ့ နွေဦးလုံခြုံရေးအစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်ကို လာရောက်ဆက်သွယ်ပြီး တစ်ဦးချင်းလိုအပ် ချက်အရ အကာအကွယ်ပြုနိုင်တွေကို ဆွေး‌နွေးတိုင်ပင် ရယူနိုင်ပါတယ်။ ဒီအတွက် ဖေ့ဘွတ်ခ့်စာမျက်နှာ (https://www.facebook.com/springrevsec) နဲ့ တယ်လီဂရမ်(https://t.me/SpringRevSecurity) ချန်နယ်ကို ဆက်သွယ် နိုင်ပါတယ်။

မေး။ ။ အခု တချို့ စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေမှာ တော်လှန်ရေးအဖွဲ့တွေကလည်း လုံခြုံရေးအတွက်ဆိုပြီး အင်တာနက် ဖြတ်တောက်မှုတွေ ရှိနေတယ်လို့ သိရတယ်။ ဒီ့အပေါ် ဆရာတို့ အမြင်ကိုလည်း သိလိုပါတယ်။

ဖြေ။ ။ မှန်ပါတယ်။ စစ်ရေးပဋိပက္ခမြင့်မားတဲ့နေရတွေမှာ‌ တော်လှန်ရေးအင်အားစုတွေရဲ့ အင်တာနက်ဖြတ် တောက် ထိန်းချုပ်မှုတွေ ရှိနေပါတယ်။ လုံခြုရေးအရဆိုတဲ့ အကြောင်းပြချက်ကို နားလည်ပါတယ်။ သို့သော် လည်း တစ်ဖက်မှာ အများပြည်သူဟာ အင်တာနက်ဖြတ်တောက်ခြင်းကြောင့် အခက်အခဲတွေကို ထပ်ပိုးခံစားနေရ ပါတယ်။ ဒါကြောင့် လုံခြုံရေးအကျိုးစီးပွားရယ်၊ အများပြည်သူ အကျိုးစီးပွားရယ်ကို ချိန်ထိုးစဉ်းစားဖို့လိုပါတယ်။ အင်တာနက်ဖြတ်တောက် လိုက်ခြင်းကြောင့် လုံခြုံရေးပိုမိုကောင်းမွန်လာသလား၊ အများပြည်သူအကျိုးစီးပွား ပိုမို ထိခိုက်လာသလား၊ အင်တာနက်ဖွင့်ထားခြင်ဟာ လုံခြုံရေးကို အမှန်တကယ်ထိခိုက်နေသလား စသဖြင့် ဆင်ခြင်၊ သုံးသပ်၊ လေ့လာဖို့ လိုပါမယ်။

အကျိုးအပြစ် ချိန်ခွင်လျှာကို ညှိနိုင်ဖို့ လိုပါတယ်။ ဒီလိုအခြေအနေမှာ အများပြည်သူ အကျိုးစီးပွား ထိခိုက်မှုများ နေရင် အများပြည်သူအကျိုးစီးပွားကို ရှေ့ရှုရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ အာဏာရှင်ကို တိုက်ထုတ်နေတာဖြစ်ပြီး အများပြည်သူရဲ့ယုံကြည်ကိုးစားခြင်းကို အများဆုံးရထားသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အများပြည်သူအကျိုးစီးပွားကိုရှေ့ရှုတဲ့ လုပ်ဆောင်မှုများကို အလေးသာဖို့ တိုက်တွန်းရသလို ပြန်လည်ဆင်ခြင် သုံးသပ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

လေ့လာမှုတွေအရ ပြောရရင်တော့ အင်တာနက်ဖြတ်တောက်ခြင်းကြောင့် အများပြည်သူအကျိုးစီးပွားဟာ ထိခိုက် နေတယ်။ အင်တာနက် ဖြတ်တောက်ခြင်းဟာ လုံခြုံရေးအတွက် အဖြေတစ်ခု မဟုတ်ဘူးဆိုတာ ပြောနိုင် ပါတယ်။ သို့သော်လည်း ကိုယ်တိုင်သုံးသပ်ဆင်ခြင်ဖို့ပဲ တိုက်တွန်းလိုပါတယ်။ ဒစ်ဂျစ်တယ်အခွင့်အရေး စံနှုန်းတွေ ကို ကျင့်သုံးဖို့ တိုက်တွန်းလို ပါတယ်။

မေး။ ။ နောက်တစ်ခု အင်တာနက် လူမှုကွန်ရက်တွေမှာ အလွယ်တကူ ပုတ်ခတ်ပြောဆိုတဲ့ ကွန်မန့်(မှတ်ချက်) တွေ မကြာခဏ တွေ့ရတယ်။ ဒါတွေက ဘယ်လို သဘောဆောင်ပါသလဲ။ ဒီကာလမှာက တရားရေးယန္တရားတွေ လည်း အကန့်အသတ်နဲ့ဆိုတော့ ဆရာတို့ လေ့လာသိရှိထားတာတွေကို ပြောပြပေးပါဦး။

ဖြေ။ ။ ဒီလိုကိစ္စတွေ အတွက် တရားဥပဒေစိုးမိုးမှုဟာ ပျက်ပြားနေတယ်ဆိုတာ အထင်အရှားပါ။ စစ်ကောင်စီ ဟာ အရည်အသွေး မပြည့်မီတဲ့ တည်ဆဲဥပဒေတွေကို အသုံးပြုတယ်။ တစ်ဖက်သတ် အသစ်ပြဌာန်းတယ်။ ပြင်ဆင်တယ်။ ဒါတွေအားလုံးဟာ အများပြည်သူကို အကာအကွယ်ပေးဖို့ မဟုတ်ဘဲ ဖိနှိပ်ဖို့၊ ကန့်သတ်ဖို့ သူတို့ အာဏာတည်မြဲဖို့ဆိုတာ သေချာတယ်။ တရားရေးနဲ့ပတ်သက်ပြီး လွတ်လပ်မျှတမှုကို စစ်ကောင်စီဆီက တစ်ပြား တစ်ချပ်မှ မျှော်လင့်နိုင်မှာ မဟုတ်ဘူး။ သူတို့ရည်ရွယ်ချက်က တရားဥပဒေ အမည်ခံ ချုပ်ချယ် ကန့်သတ်ဖိနှိပ်ဖို့ပဲ ဖြစ်တယ်။ ကျနော်တို့ မျှော်လင့်လို့ရတာက လွတ်မြောက်နယ်မြေတွေ၊ ကြားကာလအုပ်ချုပ်ရေးလည်ပတ် နေတဲ့ နေရတွေပါပဲ။

ဒီနေရာတွေမှာ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်နိုင်မယ်။ ဒီအတွက် ဥပဒေတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို အကာအကွယ်ပေးပြီး အာမခံနိုင်ဖို့ လိုတယ်။ ဒီအတွက် ဒစ်ဂျစ်တယ် အခွင့်အရေးဆိုင်ရာတွေကို အာမခံ နိုင်တဲ့ ဥပဒေ၊ မူဝါဒရေးရတွေကို အများပြည်သူဘက် မျက်နှာမူပြီး ရေးဆွဲပြဌာန်းမယ်။ လိုက်နာကျင့်သုံးမယ် ဆိုရင် ဒီဒေသတွေမှာ တရားဥပဒေ စိုးမိုးလာမယ်။ အများပြည်သူကလည်း ပိုမိုယုံကြည်အားကိုးလာမယ်။ လွတ်မြောက်ဒေသနဲ့ ကြားကာလအုပ်ချုပ်ရေဒေသတွေမှာ ဒစ်ဂျစ်တယ်အခွင့်အရေး ပြည့်ဝဖို့၊ တရားဥပဒေစိုးမိုးဖို့ နိုင်ငံရေးစိတ်ဆန္ဒက အဓိကကျမယ် ထင်ပါတယ်။

မေး။ ။ မြန်မာမှာ အင်တာနက်လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အကဲဖြတ်ပေးပါဦး။

ဖြေ။ ။ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ နိုင်ငံတကာညွှန်းကိန်းတွေအရ ကျနော်တို့ရဲ့လေ့လာမှုတွေ အရ ကမ္ဘာ့အဆိုးဆုံးအခြေအနေမှာ ရှိနေပါတယ်။ အထက်မှပြောခဲ့သလို သုညအောက် အနုတ်လက္ခဏာသဘော အဆိုးဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။