Home သတင်း စစ်အာဏာရှင်ကြောင့် နိုင်ငံ၏ ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်ရဟု BMA ပြော

စစ်အာဏာရှင်ကြောင့် နိုင်ငံ၏ ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်ရဟု BMA ပြော

474

မေ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးများ ဆိုးဝါးလာပြီး ကျန်းမာ ရေး အခြေအနေသည်လည်း လွန်စွာစိုးရိမ်နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်ဟု မြန်မာနိုင်ငံ ဆေးပညာရှင်အသင်း (BMA)၏ (၁၂)ကြိမ်မြောက် ညီလာခံ ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

မြန်မာနိုင်ငံ ဆေးပညာရှင်အသင်း (BMA) ၏ ၁၂ ကြိမ်မြောက်ညီလာခံကို မေ ၂၁ ရက်မှ ၂၂ ရက်နေ့ အထိ ထိုင်း- မြန်မာနယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ညီလာခံထဲတွင် စစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံအတွင်း ဆိုးဝါးစွာ ကြုံတွေ့လာရသည့် ကျန်းမာရေးဘအ‌ခြေအနေ များကို ယခုလို ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေးအတွက် လုံခြုံမှုတွေက တော်တော်ကို မရှိတော့တာ။ ကျန်းမာရေး လုပ်သားတွေဆိုရင်လည်း လွတ်လပ်စွာ သွားလာလို့ မရတော့ဘူး။ ပြီးတော့ တိုက်ပွဲကြောင့် ဆက်သွယ်ရေး သွား လာရေးအတွက် အင်မတန်ခက်ခဲလာတယ်။ နောက်ကျန်းမာရေးအတွက် နိုင်ငံတကာထောက်ပံ့မှု လျော့နည်းလာ တယ်။ ပြီးတော့ နယ်မြေမတည်ငြိမ်တဲ့အတွက် ကျနော်တို့ BMA ရှိတဲ့ ဒေသမကဘဲ တစ်နိုင်ငံလုံးမှာ ပြောင်းရွှေ့နေရမှုတွေကို ကြုံတွေ့နေရတယ်” ဟု BMA အလုပ်အမှုဆောင်ကော်မတီဝင် စောနေထူးက ပြောသည်။

ထို့အပြင် စစ်ပွဲပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများနှင့် သဘာဝဘေးအန္တရာယ်ဒဏ်ကြောင့် ဒုက္ခရောက်နေသည့် ဒေသများတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့များ ရရှိရေးအတွက် အခြားသော ကျန်းမာရေးအဖွဲ့အစည်းအများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု BMA ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုအကူအညီ ရရှိရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန်အပြင် အကူအညီများလိုအပ်နေသည့် ပြည်သူများကိုလည်း ဘေးကင်းလုံခြုံစွာ စောင့်ရှောက်နိုင်ရေးအတွက် အကူညီပေးရန်လိုသည်ဟု ဖော်ပြထားသည်။

အလားတူ မတရားဖမ်းဆီးထိန်းသိမ်းခံရသည့် ဆေးပညာရှင်များအပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွတ်ပေးရေးအတွက်ကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးရန် ‌BMA ညီလာခံတွင် နိုင်ငံတကာ အစိုးရ များနှင့် အဖွဲ့အစည်းများအား တောင်းဆိုထားသည်။

နှစ်ရက်တာ ညီလာခံတွင် ၂၀၂၃-၂၀၂၇ မဟာဗျူဟာ လုပ်ငန်းစဉ်နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစီမံ ချက်များကိုလည်း တင်ပြဆွေးနွေးအကြံပြုကာ BMA ကို စတင်တည်ထောင်ခဲ့သူများ အကြံပေးအဖွဲ့ ဝင်များ အလုပ်အမှုဆောင်ကော်မတီဝင်များအပါအဝင် ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ်နှင့် ၂၀ နှစ်အထက် တာဝန်ထမ်း ဆောင်ခဲ့သည့် ကျန်းမာရေး လုပ်သားများကို ညီလာခံ၌ ဂုဏ်ပြုခဲ့သည်။

၁၂ ကြိမ်မြောက် ညီလာခံသက်တမ်းတွင် တာဝန်ဆောင်ရွက်မည့် အလုပ်အမှုဆောင် ကော်မတီဝင်တချို့ကို လျှို့ဝှက် မဲစနစ်ဖြင့် ရွေးချယ်တင်မြောက်ခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဒေါက်တာစင်သီယာမောင်၊ ဒုဥက္ကဌ ဒေါက်တာမြင့်ချို အတွင်းရေးမှူး ဆရာနိုင်အေးလွင် နှင့် တွဲဖက်အတွင်းရေးမှူး ဆရာမသဇင်မြင့်တို့ကို ပြန်ရွေးချယ်ခဲ့ကြောင်း သိရသည်။

နှစ်ရက်တာပြုလုပ်သည့် ညီလာခံကို ဒေါက်တာစင်သီယာမောင်အပါအဝင် မြန်မာနိုင်ငံဆေးပညာရှင်အသင်း၏ အဖွဲ့ဝင် ညီလာခံကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကျန်းမာရေးဌာနမှ ခေါင်းဆောင်များနှင့် မိတ်ဖက်အဖွဲ့အစည်း များမှ တာဝန်ရှိသူများအပါအဝင် အမျိုးသမီး ၆၇ ဦးနှင့် အမျိုးသား ၅၄ ဦး တက်ရောက်ခဲ့သည်။

လူထုအခြေပြုကျန်းမာရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံဆေးပညာရှင်အသင်း -‌BMA ၏ ပထမဦးဆုံးအကြိမ် ညီလာခံကို ၁၉၉၁ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့တွင် ကရင်ကေအဲန်ယူ အမျိုးသားအစည်းအရုံး၏ ယခင် ဌာနချုပ်ဟောင်း မာနယ်ပလော၌ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။