မေ၂၃ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက အားပြင်ငလျင်ဒဏ်သင့် ဒေသများပြန်လည်ထူထောင်ရေးအတွက် ယာယီ အပစ်ရပ်ကာလ နှစ်ကြိမ်ကြေညာခဲ့သည့် ဧပြီ ၃၀ ရက်နေ့ထိ နေ့စဉ်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၂၀၁ ဦး သေဆုံးပြီး ၂၆၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာအင်တာနက်ပရောဂျက် (MIP) က အစီရင်ခံစာထုတ်ကာ ပြောဆိုလိုက်သည်။
အဆိုပါ ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၃၇ ခု ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီး မြို့နယ် ၂၀ ၌ စုစုပေါင်း ၄၃ ကြိမ်၊ မန္တလေးတိုင်းဒေသကြီး မြို့နယ် ၇ ခု၌ ၂၄ ကြိမ်တို့ အသီးသီးရှိသည်ဟု MIP က လေ့လာမှတ်တမ်းတင်ထားသည်။
စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါ အပစ်ရပ် နှစ်ကြိမ် ကြေညာခဲ့သည့် ဧပြီ ၃၀ ရက်နေ့ထိ ကရင်ပြည်နယ်တွင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၈၆ ဦး၊ မန္တလေး တိုင်းဒေသကြီးအတွင်း ၅၀ ဦး၊ မကွေး တိုင်းဒေသကြီးအတွင်း ၈ ဦးနှင့်ပဲခူးတိုင်းဒေသကြီးအတွင်း ၁၀ ဦး သေဆုံး ခဲ့သည်။
သေဆုံးသူ ၇၆.၆၁ ရာခိုင်နှုန်းမှာ ငလျင်ကြောင့် အရေးပေါ် အခြေအနေကြေညာခံထားရသည့် မြို့နယ်များ ဖြစ်သည်ကို တွေ့ရသည်ဟု MIP က ပြောသည်။
“စစ်ကောင်စီရဲ့ အပစ်ရပ် ၂ ကြိမ်အတွင်းမှာ လေကြောင်းတိုက်ခိုက်ခံရတဲ့ မြို့နယ် ၇၃ မြို့နယ်အနက် ၆၆ မြို့နယ်က အင်တာနက်အပါအဝင် ဆက်သွယ်ရေး ပြတ်တောက်မှု ကြုံခဲ့ရတဲ့ ဒေသတွေက ဖြစ်ပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၉၇.၅ ရာခိုင်နှုန်းဟာ အင်တာနက်ပြတ်တောက် နေတဲ့ ဒေသမှာ နေထိုင်သူတွေဖြစ်ပါတယ်” ဟု MIP မီဒီယာတာဝန်ခံက ပြောသည်။
ထို့အပြင် အဆိုပါ ကာလ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၃၇ ခုအတွင်း စာသင်ကျောင်း ၃ ကျောင်း၊ ဆေးရုံ ဆေးပေးခန်း ၉ ခုနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံ ၁၄ ခု ထိခိုက်ပျက်စီးခဲ့ရသည်ဟု MIP အစီရင်ခံစာ၌ ဖော်ပြထားသည်။