Home သတင်း ကျောက်မဲ ဆေးရုံ ဒုတိယအကြိမ် ဗုံးကြဲခံရ

ကျောက်မဲ ဆေးရုံ ဒုတိယအကြိမ် ဗုံးကြဲခံရ

770
Photo: TNLA

မေ ၅ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA က ထိန်းချုပ်ထားသည့် ရှမ်းမြောက်ပြည် နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက ယနေ့ မေ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

အဆိုပါဆေးရုံကို ပြီးခဲ့သည့် ဇန်နဝါရီလ(၂၅)ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး ယနေ့တွင်ဒုတိယအကြိမ်အဖြစ် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် ယခုမေလအတွင်း TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် နောင်ချိုမြို့နယ် အတွင်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မြင်သည့်အချိန်မှစတင်၍ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ အပါအဝင် TNLA တိုက်ခိုက်သိမ်းပိုက်ထားသော မြို့များကို လေကြောင်း တိုက်ခိုက် မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည် ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ် နယ်မြေအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများအပြင်၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး (၉)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း (TNLA)က ယနေ့တွင် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။