မေ ၅ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်ကြားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်၌ စားသောက်ကုန်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသိမ်းယူနေသည်ဟု စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။
ထားဝယ်-သရက်ချောင်းမြို့ကြားရှိ ပေါင်းတိုင်တံတား စစ်ကောင်စီဂိတ်၌ မေလ ၁ ရက်နေ့မှစ၍ စားသောက်ကုန် များကို ဖမ်းဆီးသိမ်းယူနေသည်သည့် အခြေအနေနှင့်ပတ်သကဂ်၍ သရက်ချောင်း စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။
“စစ်ဆေးရေး ဂိတ်တွေ အများစုကတော့ ပေးမသယ်တော့ဘူး။ အဲ့တာထက်ဆိုးတာက တင်လာတဲ့ ဆန်တွေ၊ ဆီ တွေကို ဂိတ်မှာပဲသိမ်းလိုက်တယ်။ ပြန်လည်း မပေးဘူး။ အခု သရက်ချောင်းတဝိုက်မှာလည်း စစ်ရေးတင်းမာမှု တချို့တွေရှိနေတော့ စစ်ကောင်စီက မရ ရတဲ့ နည်းလမ်းနဲ့ ရိက္ခာဖြတ်တောက်တာတွေကို ပိုပြီးလုပ်နေတာတွေ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ပေါင်းတိုင်တံတားဂိတ်၌ ကုန်စုံဆိုင်၊ ဆန်ဆိုင်နှင့် စားသောက်ကုန်ဆိုင် ဖွင့်ထားသူများ၏ တနိုင်တပိုင် တင်ဆောင်လာသည့် စားသောက်ကုန်အများစုကိုပါ သယ်ယူခွင့်မပေးဘဲ ဖမ်းဆီးသိမ်းယူမှုများ လုပ်ဆောင်နေ နေသည်ဟု သချောင်းဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အခုဆိုရင်ထားဝယ်ခရိုင်အတွင်းက မြို့နယ်တော်တော်များများမှ ရိက္ခာသယ်ဆောင်ခွင့်တွေကို တားမြစ် တာ တွေက ဆိုးသထက် ဆိုးလာတယ်။ ရွာတွေဘက်မှာလည်း အခြေနေဆိုးတယ်။ တချို့နေရာတွေဆိုရင် ရိက္ခာ ပြတ်လပ်တဲ့ အခြေနေမျိုးတွေတောင်ရှိတယ်။ ကြက်သွန် နီ၊ ဖြူ က အစပဲပေါ့နော်။ တနိုင်တပိုင်လုပ်ကိုင်တဲ့ သူတွေအတွက်လည်း တော်တော်ကိုဒုက္ခရောက်တယ်”ဟု ပြောသည်။
ထားဝယ်မြို့အထွက်ရှိ စစ်ကောင်စီဂိတ်များဖြစ်သည့် ကမြောကင်း တံတား၊ ဗျောတောဝဂိတ်၊ ပေါက်တိုင်းဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်များတွင်လည်း စက်သုံးဆီနှင့် စားသောက်ကုန် သယ်ယူခွင့် ပိတ်ပင်ထားသည်ဟု ထားဝယ်ဒေသ ခံများက ပြောသည်။
၎င်းအပြင် ထားဝယ်ခရိုင်အတွင်း ဒေသအခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အင်အားဖြည့် စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်များကြား နှစ်ဖက်စစ်ရေးတင်းမာမှုများအပြင် ယခင်နှစ် များကဲ့သို့ တိုက်ပွဲရက်ရှည် ပြင်းထန်မှုများရှိလာနိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ပြောဆိုသည်။



















