“တောင်ပိုင်းရဲ့ စစ်ရေး အခြေအနေ ချိန်ခွင်လျှာအစွန်ထွက်မယ့်သဘောပေါ့။ တပ်မဟာ ၇ က မာနယ်ပလော ဒေသမှာ လည်း စစ်ကောင်စီကင်းစင်သွားပြီဆိုတော့ အခုကော့ကရိတ်-ကျုံဒိုးပါ သိမ်းပိုက်နိုင်ရင် ဖားအံ လို ပြည်နယ် မြို့တော်ကိုပါ စစ်ရေးအရခြိမ်းခြောက်ဖို့အတွက် အားသာသွားနိုင်ပါတယ်။” CDM ဗိုလ်မှူး စွယ်တော်
<<<<<<>>>>>>>>>>>
ကော့ကရိတ်-ကျုံဒိုးတိုက်ပွဲ စစ်ရေးအခြေအနေအပေါ် CDM ဗိုလ်မှူး စွယ်တော်နှင့် မေးမြန်းချက်
မေလ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကစပြီး ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၆) လက်အောက်ခံ တပ်ဖွဲ့ နှင့် ကျားဖြူစစ်ကြောင်းတို့ ပူးပေါင်းပြီး ကော့ကရိတ်မြို့ကို ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး နယ်မြေဒေသရဲ့ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ခဲ့သည်ဟု ဆိုခဲ့သည်။
မြို့သိမ်းတိုက်ပွဲ၏ ၄ လကျော်ကြာပြီးနောက် စစ်ကောင်စီမှ ဖျက်အားပြင်း လက်နက်နှင့် တပ်ဖွဲ့ဝင် အင်အား အများအပြား ဖြည့်တင်းကာ ကော့ကရိတ်မြို့ကို ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ၂၀၂၄ ခုနှစ် ဧပြီလဆန်းပိုင်းမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နယ်မြေများကို စွန့်လွှတ်ကာ ပြန်လည်ဆုတ်ခွာ သွားခဲ့ရသည်။
ထို့နောက် တစ်နှစ်ကြာပြီးနောက် ယခုနှစ် ၂၀၂၅ ခုနှစ်ကစပြီး အောင်ဇေယျ စစ်ကြောင်းကို ခုခံစစ်မှ ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်လာသည့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက စစ်ကောင်စီ တပ်အင်အား ဖြည့်တင်လား သည့် ကော့ကရိတ်-ကျုံဒိုးမြို့ကို ဧပြီးလဆန်းပိုင်းကပြီး ပြန်လည် ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်လာကြသည်။
လတ်တလောတွင်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီ၏ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ ကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။
အပြန်အလှန် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အဆိုပါ ကော့ကရိတ်-ကျုံဒိုး ဒေသသည် စစ်ကောင်စီ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအတွက် အရေးပါမှု၊ တိုက်ပွဲ၏ လားရာ နှင့် ဖြစ်လာနိုင်သည့် စစ်ရေး အခြေအနေများကို ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ CDM ဗိုလ်မှူး စွယ်တော်ကို ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ အခု လတ်တလော ဖြစ်နေတဲ့ ကော့ကရိတ်-ကျုံဒိုး တိုက်ပွဲနေရာရဲ့ အနေအထား အခင်းအကျင်းက ဘယ်လိုပုံစံရှိနေလဲ။
ဖြေ ။ ။ တပ်အနေအထားကိုပြောရရင် ကျုံဒိုးမှာ အခြေစိုက်တဲ့ ခမရ(ခြေမြန်တပ်ရင်း) ၅၄၅ ရှိတယ်။ ကော့ကရိတ်မှာက စကခ (၁၂) ရှိတယ်။ ခလရ (ခြေလျင်တပ်ရင်း) ၉၇ ရှိတယ်။
ကျုံဒိုးမြို့ထဲမှာ ရဲစခန်းကုန်းကို စစ်ကောင်စီက ပျူစောထီးတွေကိုပါ အင်အားဖြည့်ထားတယ်။ ကော့ကရိတ် ၉ တိုင်နဲ့ရန်ကုတ်က စစ်ကောင်စီစခန်းတွေနဲ့ ကျုံဒိုးက ခမရ ၅၄၅ ကို KNLA နဲ့ တော်လှန်ရေး တပ်တွေ ကတိုက်ခိုက် နေတာတွေကို တွေ့ရပါတယ်။ အထူးသဖြင့် ကျုံဒိုးက ကော့ကရိတ်နဲ့ဖားအံကြား ဂျိုင်းတံတား အကျော်မှာ ရှိတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီရဲ့အုပ်ချုပ်ထောက်ပံ့မှုကို ဖြတ်တောက်ဖို့ဆိုရင် အရေးပါတဲ့မြို့ဖြစ်တာကို တွေ့ရပါတယ်။
မေး။ ။ ဒီတိုက်ပွဲဖြစ်နေတဲ့ နေရာကကော တော်လှန်ရေး အင်အားစုတွေဘက်က သူတို့အတွက် ဘယ်လောက် ထိအရေးပါးနေသလဲ။ ဘာကြောင့်လဲ။
ဖြေ။ ။ ကျနော် ရှေ့မှာ ပြောခဲ့သလိုပေါ့၊ ကျုံဒိုးက စစ်ကောင်စီရဲ့ အုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းမှာ အရေးပါတဲ့ နေရာ ဖြစ်နေတယ်။ စစ်ကောင်စီဘက်က စစ်ကူလိုက်တာ တစ်နှစ်ကျော်သွားပြီးဖြစ်ပေမယ့် ဒေါနတောင်ကို မကျော် နိုင်သေးတဲ့အောင်ဇေယျ စစ်ကြောင်းကို ရှေ့တိုးဖို့လုပ်နေတာရှိပါတယ်။ ဒီစစ်ကြောင်းကို နောက်ကနေ အုပ်ချုပ်ထောက်ပံ့မှုတွေလုပ်ပေးနေတာက ကော့ကရိတ်မှာရှိတဲ့ စကခ(၁၂) ဖြစ်ပါတယ်။ စကခ(၁၂) ကို ရတခက ဒုတိုင်းမှူးကိုလွှတ်ပြီး ကြီးကြပ်ခိုင်းထားတာကိုလည်း တွေ့ရပါတယ်။ နဘူး၊ ကျုံဒိုး၊ ကော့ကရိတ်တွေမှာ တပ်အသင့်လုပ်ပြီး ဆက်သွယ်ရေးလမ်းကြောင်းကို လုံခြုံမှုရှိအောင်စစ်ကောင်စီဘက်က လုပ်နေတဲ့သဘောကို လည်းတွေ့ရပါတယ်။
မေး- အခုဆိုရင် စစ်ကောင်စီဘက်ကလည်း ဒီနေရာကို လက်မလွတ်ရဖို့ အသည်းအသန်ကို ကာကွယ်နေတာကို တွေ့ရတယ်။ သူတို့အတွက်ကကော ဘယ်လောက်အထိ အရေးကြီးနေလဲ။
သူတို့အတွက်က လက်လွှတ်လိုက်ရတဲ့ သင်္ဃန်းညီနောင်ကိုပြန်ရဖို့အတွက်ရော မြဝတီကို အောင်ဇေယျ စစ်ကြောင်းရောက်ဖို့အတွက်ရော ဒီနေရာတွေကအရေးကြီးနေတာဖြစ်ပါတယ်။ ဒီထက်ပိုပြီး တွေးမယ်ဆိုရင် ဒီနေရာတွေကို တော်လှန်ရေးဘက်ကထိန်းချုပ်နိုင်ရင် မကြာမီမှာ ဖားအံလွင်ပြင်ကိုပါ ခြိမ်းခြောက်လာနိုင်တဲ့ သဘောလည်းရှိတာကြောင့် ဖြစ်ပါတယ်။
မေး ။ ။ အခုတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အရပ်သားပစ်မှတ်နေရာတွေကို သိသိကြီးနဲ့ ပစ်ခတ်သတ်ဖြတ် ပြနေတာကိုလည်း တွေ့နေရတယ်။ ဒါကကော ဘာကြောင့်လုပ်နေတယ်လို ပြောနိုင်လဲ။
ဖြေ။ ။ စစ်ကောင်စီဘက်က အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို ဦးတည်တိုက်ခိုက်တာက ရည်ရွယ်ချက် နှစ်မျိုးရှိပါတယ်။ နံပါတ် (၁) ကတော့ အကြောက်တရားပေးတာပေါ့ ။ လက်နက်ကိုင်အဖွဲ့တွေကြောင့် အပစ်ခံရတယ်။ ဒီလိုသေကြေရတယ်ဆိုတဲ့ အကြောက်တရားမျိုး ပေးချင်တာမျိုးပါ။ ဗိုလ်ချုပ်ဇော်မင်းထွန်း Al Jazeera (သတင်းဌာန) ကိုဖြေခဲ့တာရှိတယ်။ ကလေးတွေရှိနေတာတောင် ပစ်တာဟာ လက်နက်ကိုင် အဖွဲ့တွေရှိတဲ့နေရာမှာ နေလို့ဆိုတာမျိုးပေါ့။ ကြောက်သွားအောင်လုပ်တဲ့သဘောမျိုးပေါ့။ တော်လှန်ရေး တပ်တွေကို လက်မခံရဲအောင် တော်လှန်ရေးကို မကူညီအောင်ပေါ့။ နံပါတ် (၂) ကတော့ တော်လှန်ရေးဘက်က အုပ်ချုပ်ထောက်ပံ့မှုတွေ လုပ်မရအောင် သက်သက်ပစ်ခတ်တိုက်ခိုက်ပြီး ဖျက်ဆီးပစ်တာမျိုးပါ။
မေး- ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ကော့ကရိတ်ကို ဒီဘက်တော်လှန်ရေး အင်အားစုဘက်က ဝင်တိုက်ခဲ့ ဖူးတာ ရှိတယ်။ ဒါပေမဲ့ မြို့သာကြေမွပျက်စီးသွားတယ်။ ပြန်ဆုတ်လိုက်ရတယ်ပေါ့။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကော အဲ့လိုဖြစ်လာနိုင်တဲ့ အနေအထားမြင်ရလား။
ဖြေ။ ။ အခုကတော့ အရင်တစ်ခေါက်ကလို အတင်းဝင်တိုက်တာမျိုးမဟုတ်ဘဲ မြို့ကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဖြတ်တောက် တိုက်ခိုက်တာမျိုးကို တွေ့ရပါတယ်။
အပြင်ဘက်နဲ့ လမ်းကြောင်းပေါ်ကနေရာတွေကို တိုက်ပြီး စစ်ကူတွေလာရင်ဖြတ်ပြီး တိုက်တာမျိုးကိုတွေ့ရ ပါတယ်။ အရင်ကလို အတင်းဝင် အတင်းတိုက်တာမျိုးမလုပ်ဘဲ ဗျူဟာပိုကောင်းလာတာကြောင့်မို အရင်ကလို အလွယ်တကူပြန်ဆုတ်တာမျိုး မဖြစ်နိုင်ဘူးလို့ယူဆရပါတယ်။
မေး- တကယ်လို့ အရင်တစ်ခေါက်လိုပဲ တော်လှန်ရေး အင်အားစုဘက်က ပြန်ဆုတ်ပေးလိုက်ရတယ်ရှိသော် ဒီတော်လှန်ရေးအပေါ်မှာ လူထုယုံကြည်မှု ဘယ်လိုကျဆင်းသွားနိုင်မလဲ။
ဖြေ။ ။ ဟုတ်ကဲ့ အရင်ကလည်းကော့ကရိတ်ကဆုတ်ပြီး တဲ့နောက်မှာ အသံတွေထွက်တာကိုတွေ့ရပါတယ်။ တချို့ ကလည်း အထက်က အဆင့်ဆင့်သော အဖွဲ့တွေကို အပြစ်တင်တာကို တွေ့ရပါတယ်။ အကောင်းဆုံး အဖြေ ကတော့ အဲ့ဒီအချိန်က ဒေါနတောင်ကို အောင်ဇေယျစစ်ကြောင်း မကျော်နိုင်ဖို့ ပိတ်ဆို့ရတာကြောင့် ပြန်စုစည်း ပြီးခုခံရတာကြောင့်ဆိုတဲ့အဖြေကို KNU တာဝန်ရှိသူတစ်ဦးဖြေတာကိုတွေ့ရပါတယ်။ ဒီတခေါက်အရင်လို ဆုတ်ရင်တော့ပြည်သူလူထုရဲ့ ယုံကြည်မှုကျဆင်းနိုင်တာကြောင့် စနစ်တကျ တိုက်ခိုက်လိမ့်မယ်လို ယူဆရ ပါတယ်။
မေး- ဒီနေရာကို တော်လှန်ရေး တပ်ဖွဲ့ဘက်က အပြီးသတ် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့မယ်ဆိုရင် ဒီ တောင်ပိုင်းမှာရှိနေတဲ့ စစ်ရေးအခြေအနေက ဘယ်လိုအခြေအနေမျိုးပြောင်းလဲသွားနိုင်မလဲ။
ဖြေ။ ။ တောင်ပိုင်းရဲ့ စစ်ရေး အခြေအနေ ချိန်ခွင်လျှာအစွန်ထွက်မယ့်သဘောပေါ့။ တပ်မဟာ ၇ က မာနယ် ပလော ဒေသမှာလည်း စစ်ကောင်စီကင်းစင်သွားပြီဆိုတော့ အခုကော့ကရိတ် ကျုံဒိုးပါသိမ်းပိုက်နိုင်ရင် ဖားအံ လို ပြည်နယ် မြို့တော်ကိုပါ စစ်ရေးအရ ခြိမ်းခြောက်ဖို့အတွက် အားသာသွားနိုင်ပါတယ်။ မြဝတီမြောက်ဘက်ထိုင်း မြန်မာနယ်စပ်က စစ်ကောင်စီစခန်းတွေပါ ကျသွားနိုင်တဲ့သဘောရှိပါတယ်။ အခုလည်း BGF ရှိလို့သာ အုပ်ချုပ်ထောက်ပံ့မှုတွေ ဆက်လုပ်လိုရတဲ့သဘောကိုတွေ့ရပါတယ်။
မေး- စကစ ဘက်ကကော ဒီစခန်းနေရာတွေ လက်မလွှတ်ရအရေး ဘယ်လိုတွေတုံ့ပြန်လာနိုင်ဖွယ်ရှိလဲ။
ဖြေ။ ။ စစ်ကောင်စီက ရှမ်းမြောက်မှာ အပေးအယူလုပ်ပြီးပြီဆိုတော့ ပိုတဲ့တပ်တွေကို ဒီဘက်ကို ထုတ်ပြီး စစ်အင်အားဖြည့်တာတွေလုပ်နိုင်ပါတယ်။ ရှမ်းမြောက်မှာ စစ်ဆင်ရေးလုပ်နေတဲ့ ရတခထဲက တပ်အချို့ကို ထပ် ထုတ်ပြီး ကော့ကရိတ်ဘက်ပြန်ပို့နိုင်ပါတယ်။ လေကြောင်းပစ်ကူ အဆမတန်သုံးပြီး ခုခံနိုင်ပါတယ်။
မေး- တော်လှန်ရေးအင်အားစုတွေဘက်ကကော လူထုအထိမနာအောင် ဘယ်လိုတွေ ကြိုတင်ကာကွယ် လုပ်ဆောင်ထားမှုမျိုး လုပ်ထားသင့်လဲ။
ဖြေ။ ။ အဓိက ကတော့ မြို့ရွာကို ရအောင်တိုက်တာထက် အခုလိုမြို့ရွာနဲ့မလှမ်းမကမ်းကနေဖြတ်တောက် တိုက်ခိုက်တာမျိုးပေါ့။ ဒီလိုဆိုရင်တော့ ပြည်သူတွေအထိအခိုက်နည်းမယ်လို့ ယူဆရပါတယ်။