မေ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း ယခုနှစ်ကွမ်းသီးပေါ်ချိန်တွင် အရောင်းအဝယ်ကောင်းပြီး ဈေးကောင်းရနေသည်ဟု ကွမ်းခြံစိုက်တောင်သူများနှင့် ကွမ်းသီးရောင်းဝယ်နေသူများက ပြောသည်။
အဆိုပါ ကွမ်းသီးများရောင်းဝယ်ရာတွင် ကွမ်းသီးအခြောက်နှင့် အနုသီးဟူ၍ နှစ်မျိုးရှိပြီး ယခုနှစ်ရာသီတွင် ကွမ်းသီးခြောက်တစ်ပိဿာလျှင် ၂၂,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်အထိ စံချိန်တင် စျေးကောင်းရနေသည်ဟု ကွမ်းသီးရောင်းဝယ်သူတစ်ဦးက ယခုလို ပြောသည်။
“လက်ရှိကွမ်းသီးတစ်ပိဿာဆို ၂၂,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ကျပ်အထိ စျေးရတယ်။ အရင်နှစ်တွေထက် စျေးအများကြီးကောင်းလာတာပေါ့။ အဲ့တာတောင် ကွမ်းသီးက သိပ်မရှိဘူး၊ တော်တော် ရှာဝယ်ရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ကွမ်းသီးများ စျေးကောင်းရသဖြင့် ကွမ်းခြံစိုက်ပျိုးသူများသည် စားဝတ်နေရေးများ အနည်းငယ် အဆင် ပြေမှုရှိနေကြောင်း ကွမ်းခြံစိုက်ပျိုးသူများက ပြောသည်။
ကော့ကရိတ်မြို့နယ်ရှိ ကွမ်းခြံစိုက်ပျိုးသူတစ်ဦးက “ကွမ်းသီး စျေးကကောင်းတော့ ကွမ်းခြံကျယ်တဲ့သူတွေ စားဝတ်နေရေးအတွက် နည်းနည်းအဆင်ပြေတာပေါ့။ အခု ကွမ်းသီးအနုရော၊ အခြောက်ပါ စျေးကောင်း နေတယ်” ဟု ပြောသည်။
ထိုအပြင် ကွမ်းသီးနုများကို ထိုင်းနိုင်ငံနယ်စပ် ပိုင်ခလန်ကျေးရွာဘက်သို့ အဓိကပို့ဆောင်နေပြီး တစ်ကီလို လျှင် ၂၂ ဘတ် ဝန်းကျင်စျေးရရှိနေသည်ဟု ကွမ်းသီးနုရောင်းဝယ်သူများက ပြောသည်။