Home သတင်း အပစ်ရပ် ကာလအတွင်း ကော့ကရိတ်တွင် လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်ရှိလာ

အပစ်ရပ် ကာလအတွင်း ကော့ကရိတ်တွင် လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော်ရှိလာ

690
Photo: CJ

ဧပြီ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့ထိ ယာယီ အပစ်ရပ်ထားမည်ဟု ပြောဆိုထားသော်လည်း ကော့ကရိတ် မြို့နယ်၊ ကျေးရွာများသို့ တစ်ပတ်အတွင်း လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုအကြိမ် ၁၀၀ ကျော်ရှိလာပြီး ဖြစ်သည် ဟု တော်လှန်ရေးပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူများနှင့် ဒေသခံများက ပြောသည်။

အဆိုပါ ကောကရိတ် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဧပြီ ၂ ရက်နေ့မှ ၈ ရက်နေ့ စစ်ကောင်စီ အထိုင်တပ်ရင်း နေရာများမှ လည်းကောင်း၊ ရွေ့လျား အမြောက်သံချပ်ကာယာဉ်ဖြင့် လည်းကောင်း၊ ဒရုန်းဗုံးချ တိုက်ခိုက်ခြင်း တို့ကို နေ့စဉ် ပြုလုပ်နေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ် စစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

“စစ်ကောင်စီက ကော့ကရိတ် တောင်ပိုင်း၊ မြောက်ပိုင်း ရွာတွေကို အလုံးကြီးနဲ့ ပစ်တာ ဆက်လုပ်နေတယ်။ အပစ် ရပ်တယ် ကြေညာပြီး ရပ်မှမရပ်တာ။ ကျုံဒိုးဘက်ကနေ ကိုးတိုင်၊ လှိုင်ကွယ်၊ ဝိဇ္ဇာကုန်းတို့ ကော့ကရိတ်ဆို ရန်ကုတ်၊ ကောင်းမှုအောက်ဘိုတဲနဲ့ အာရှလမ်းဘေး ဆိုရင် ကော့နွဲ၊ တတန်ကူး၊ တောင်ပေါ်အထိ အကုန်နေရာ စုံပေါ့၊ တစ်ရွာကို ၅ လုံး၊ ၁၀ လုံးပေါ၊ အခု ၆ ရက်နဲ့ ၇ ရက်၊ ၈ရက်မှာ ပိုပစ်လာတယ်၊ ဒရုန်းနဲ့ လက်နက်ကြီး ကျတာရော ပေါင်းရင် ၁၀၀ ကျော်ပြီး” ဟု KNLA၊ မဟာမိတ် ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ကော့ကရိတ် မြေပြင်စစ်ကြောင်းများသို့ စစ်ကူ၊ အင်အား ဖြည့်တင်းခြင်းများ ယခုရက် ပိုင်းတွင် ဆက်တိုက် ပြုလုပ်လျက်ရှိသည်။ ယာယီအပစ်ရပ်ခြင်းသည် လက်နက်၊ လူအင်အား ဖြည့်တင်းရန် အချိန်ယူနေသည်ဟု ထင်မြင်ကြောင်း ကော့ကရိတ်၊ စစ်ရေးနယ်မြေ မြောက်ပိုင်း ၃၁ ဗျူဟာ စစ်ကြောင်း ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

“စစ်တပ်က လက်နက်ကြီးနဲ့ နေ့တိုင်းပစ်တယ်။ စစ်ကူကလည်း ဖားအံ၊ ကျုံဒိုးကနေ လမ်းကြောင်း ပေါင်းစုံနဲ့ ကော့ကရိတ်ကို ပို့နေတာပဲ၊ သူတို့ အပစ်ရပ်တာ ယုံရတာ မဟုတ်ဘူး။ တခြားနေရာတွေ အပစ်ရပ်တာတော့ ဖြစ်ချင်ဖြစ်မယ် ဒီမှာကတော့ အာရှလမ်းကို တိုက်ဖို့ လက်နက်၊ အင်အား ဖြည့်ဖို့ အချိန်ယူနေတာလို့ ထင်တယ်” ဟု ကော့ကရိတ်ဒေသ ၃၁ ဗျူဟာ စစ်ကြောင်း ပြန်ကြားရေးက ပြောသည်။

ယမန်နေ့ ဧပြီ ၈ ရက်နေ့တွင် ကျုံဒိုး အခြေစိုက် ခြေမြန်တပ်ရင်း -ခမရ(၅၄၅)က လက်နက်ကြီး ဖြင့် ၂ နှစ်ကြိမ် ရေပူရွာဘက်သို့ ပစ်ခတ်ခဲ့သည်။ ၎င်းအပြင် ကော့ကရိတ် လှိုင်ဝ အမြောက်ပစ်ကုန်းက လက်နက်ကြီး(၅) လုံး ရန်ကုတ် ကျေးရွာဘက် သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီရှေ့တန်းအတွက် ပစ်ကူပေးခဲ့သည်။

လက်ရှိ ရန်ကုတ်ကျေးရွာ အရှေ့ဘက်၌ KNLA မဟာမိတ် ပူးပါင်းတပ်ဖွဲ့ များနှင့် စစ်ကောင်စီစစ်ကြောင်းများ ဧပြီ ၈ ရက်နေ့တွင် ဖက်တိုက်ပွဲ ဖြစ်နေသည့်အခြေအနေ ဆက်ရှိနေ သည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။