Home သတင်း ကျုံပျော်မြို့နယ်တွင် လူငယ်တစ်ဦး ညအိပ်ချိန် အိမ်ပေါ်တက် ပေါ်တာအဆွဲခံရ

ကျုံပျော်မြို့နယ်တွင် လူငယ်တစ်ဦး ညအိပ်ချိန် အိမ်ပေါ်တက် ပေါ်တာအဆွဲခံရ

893
Photo: Social Media

ဧပြီ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာနေ လူငယ်အမျိုးသားတစ်ဦး ဧပြီလ ၇ ရက်နေ့ ညပိုင်းက အိမ်တိုင်ရာရောက် ပေါ်တာဆွဲခံလိုက်ရပြီး မိသားစုက ပြန်တောင်းယူ၍မရသေးကြောင်း ကျေးရွာနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ကျုံပျော်မြို့၊ လှည်းဆိပ်ကျေးရွာမှ လူငယ်အမျိုးသားတစ်ဦးအား ဧပြီလ ၇ ရက်နေ့ညပိုင်းက နေအိမ်ပေါ်အိပ်စက်အနားယူနေစဥ် စစ်မှုထမ်းဆောင်ရန် စာရင်းပါဝင်ကြောင်း အသိပေးခြင်း မရှိဘဲ စစ်မှုထမ်းရန် စစ်ကောင်စီခန့် လှည်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က အတင်းအဓမ္မလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

ကျေးရွာခံ အမည်မဖော်လိုသူအမျိုးသမီးက “အိမ်ပေါ်အထိ အိပ်ယာထဲအထိ တက်ဆွဲတာ၊ ဆွဲတဲ့အဖွဲ့ထဲ ရွာကအုပ်ချုပ်ရေးမှူးပါ ပါလာတယ်။ အဲ့ကောင်လေးက အသောက်အစားလဲမရှိဘူး ရိုးရိုးသားသားလေး။ အသက်က ၁၉/၂၀ တောင်ရှိပါ့ဦးမလားပဲ တော်တော်ငယ်သေးတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း လှည်းဆိပ်ကျေးရွာအပါအဝင် ကျုံပျော်မြို့နယ်ရှိ ကျေးရွာ အများစုမှာ စစ်မှုထမ်းခေါ်ယူရေးနှင့်ပတ်သက်ပြီး အလှည့်ကျမဲနှိုက်ရခြင်းနှင့် စစ်မှုထမ်းကြေး လစဥ်ထည့်ဝင်ရခြင်းတို့ကို စစ်ကောင်စီအဖွဲ့ဝင်များ၏စေခိုင်းချက်အရ လုပ်ဆောင်နေရသည်။

ထို့အပြင် ယခုလို အိမ်တိုင်ရာရောက် စစ်မှုထမ်းရန် အတင်းအကြပ်တပ်သားစုဆောင်းနေခြင်းတို့ လုပ်ဆောင်လာသဖြင့် ရွာတွင်ရှိနေသည့် အခြားသောလူငယ်များ ညအချိန် အိမ်၌ညအိပ်မနေရဲတော့ဘဲ ရှောင်တိမ်းအိပ်စက်ရသည်ဟုလည်း အခြားရွာခံတစ်ဦးက ပြောသည်။

“အိမ်မှာလာဆွဲခံလိုက်ရတဲ့ ကောင်လေးမိဘတွေက မနက်ကျတော့ အုပ်ချုပ်ရေးမှူးဆီမှာ လူသွားတောင်းတယ်။ ဆေးအရင်စစ်ကြည့်မယ် အဆင်မပြေရင်တော့ ပြန်ပေးမယ်လို့ပြောတယ်။ ဒီနောက်ပိုင်း အဲ့လိုတွေလုပ်လာတော့ ရွာမှာရှိတဲ့လူငယ်တွေက အိမ်မှာညမအိပ်ရဲတော့ဘူး။ လိုက်လျှောက်အိပ်နေရတယ်” ဟု ကေအိုင်စီကိုပြောသည်။

၎င်းအပြင် စစ်ကောင်စီက ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်လာသည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့စီမံချက်အရ ရပ်ရွာထဲတွင် ယာယီဂိတ်တဲများ ဆောက် ကာ ပြည်သူ့အင်အားဖြင့် မစောင့်မနေရ လုံခြုံရေးယူ ကင်းစောင့်ရန် စေခိုင်းခဲ့သေးသော်လည်း လှည်းဆိပ်ကျေးရွာတွင် ထိုစေခိုင်းချက်ကို ပယ်ဖျက်လိုက်ပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းက ရခိုင်နှင့်ဧရာဝတီအစပ်တွင် အာရက္ခတပ်တော်-AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်း၌ စစ်မျက်နှာပွင့်လာခဲ့ခြင်းဖြစ်ပြီး မတ်လပိုင်းတွင် လေးမျက်နှာ၊ ရေကြည်၊ ငါးသိုင်းချောင်းမြို့နယ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။

စစ်ကောင်စီဘက်ကလည်း လွတ်လပ်စွာ တပ်သားစုဆောင်း၍ရနေသည့် ဧရာဝတီတိုင်းအတွင်း ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်ကာ အင်အားစုဆောင်းမှုများလုပ်ဆောင်နေသလို စစ်မှုထမ်းဥပဒေအကြောင်းပြ၍ မဲနှိုက်ခိုင်းစေခြင်းဖြင့် တပ်သားလိုအပ်ချက်ကို ဖြည့်တင်းနေကြသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။

ထို့အတူ နည်းလမ်းမျိုးစုံသုံး၍ စုဆောင်းထားသော ပြည်သူ့စစ်များကို စစ်ကောင်စီက ရှေ့တန်းစစ်မျက် နှာတွင် အသုံးချမှုများလာသောကြောင့် ယခုဖြစ်ပေါ်လျက်ရှိသည့် AA နှင့်တိုက်ပွဲအတွင်း တပ်ပြေးများလာကြောင်း ဒေသအခြေစိုက်မီဒီယာတို့၏ဖော်ပြချက်အရ သိရသည်။