Home သတင်း ယာယီအပစ်ခတ်ရပ်စဲရေးကာလအတွင်း စစ်ကောင်စီက ကေအဲန်ယူ တပ်မဟာ ၅ နှင့် ၃ တို့တွင် စစ်ကြောင်းထိုးနေ

ယာယီအပစ်ခတ်ရပ်စဲရေးကာလအတွင်း စစ်ကောင်စီက ကေအဲန်ယူ တပ်မဟာ ၅ နှင့် ၃ တို့တွင် စစ်ကြောင်းထိုးနေ

659
Photo- KNU

ဧပြီလ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီက ရက် ၂၀ ကြာ ယာယီအပစ်ခတ်ရပ်စဲမည်ဟု ကြေညာထားသော်လည်း ကရင်အမျိုးသား အစည်းအရုံး- ကေအဲန်ယူ၊ မူတြော်ခရိုင်/တပ်မဟာ(၅) နှင့် ညောင်လေးပင်ခရိုင်/တပ်မဟာ (၃) နယ်မြေရှိ ကျေးရွာများသို့ ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း နယ်မြေခံတာဝန်ရှိသူများထံမှ သိရသည်။

ဧပြီလ ၂ ရက်မှ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်အခတ်ရပ်စဲမည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း လက်တွေ့တွင် စစ်ရေးအခြေအနေအရ ရပ်တန့်ထားခြင်းမျိုးမရှိဘဲ ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့၌လည်း ဖာပွန်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်ဖွဲ့ဝင် အင်အားဖြည့်တင်းမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ အပစ်ရပ်ထားသော်လည်း ကတိုင်တိစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA က လာရောက်ပစ်ခတ်ခြင်း ဖြစ်ကြောင်း ”ဟု ဧပြီလ ၅ ရက်နေ့တွင် စစ်တပ် ထိန်းချုပ်သည့် သတင်းမီဒီယာမှတဆင့် ပြောဆိုခဲ့သည်။

ထို့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) နယ်မြေရှိ မြို့နယ်နှစ်ခုတွင်လည်း ယာယီအပစ်အခတ်ရပ်စဲရေး ကာလအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု‌များကြောင့် စစ်ရှောင်ပြည်သူအပါအဝင် ဒေသခံအရပ်သား (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ (ဧပြီလ ၇ ရက်)တွင် ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်သည်။

KNU ထိန်းချုပ်နယ်မြေဖြစ်သည့် မုန်းမြို့နယ်ရှိ ပဒကုန်းကျေးရွာထဲသို့ စစ်ကောင်စီတပ်က ဧပြီ ၄ ရက်နေ့တွင် လက်နက်ကြီး (၅) လုံး ပစ်ခတ်ခဲ့ရာ ပဒကုန်းကျေးရွာမှ အသက် ၂၆ နှစ်အရွယ် စစ်ရှောင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဧပြီ ၅ ရက်နေ့တွင်လည်း ရွှေကျင်မြို့နယ် ဝိုင်ပျဉ်ကျေးရွာထဲသို့ စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးသုံးလုံး ပစ်ခတ်ခဲ့သေးကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေသလို ကျေးရွာများသို့ နေ့ရောညပါ ပစ်ခတ်လျက်ရှိသည့်အတွက် ဒေသခံလူထုများ စိုးရိမ်ကြောက်ရွံ့စိတ်ဖြင့် နေထိုင်နေကြရသည်ဟု ကျောက်ကြီး မြို့နယ် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူက ယခုလို ပြောသည်။

“ ပစိုမြောင်၊ လေးမူးခို့မူး ဘက် ဂိတ်ကို စစ်ကောင်စီဘက်က လူအင်အားလာဖြည့် တက်လာကြတာတွေ ရှိနေတယ်။ ဒီဘက်မှာ လေယာဥ်က အမြဲလာဝဲနေတုန်းပဲ။ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေလည်း အမြဲ ရှိတယ်။ အခြေအနေက မကောင်းတော့ အမြဲစိုးရိမ်နေရတာပေါ့။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်သည် KNU နယ်မြေသို့ နေ့စဉ်နှင့်အမျှ ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများအား အဓိက ပစ်မှတ်ထား၍ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေတဲ့အတွက် အရပ်သား ပြည်သူများအနေဖြင့် ထိခိုက်သေဆုံးမှုများ ကြုံတွေ့ ခံစားနေရပြီး ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ရှင်သန်နေထိုင်နေရသည်ဟု ကေအဲန်ယူက ပြောသည်။

စစ်ကောင်စီသည် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရက် ၂၀ ကြာ ယာယီအပစ်ရပ်စဲမည်ဟု ထုတ်ပြန် ကြေညာထားသည်။ သို့သော် နိုင်ငံတဝန်း ငလျင်ဘေးဒဏ်ကြောင့် ဒုက္ခကြုံနေရချိန် ပြည်သူများ ရှိရာသို့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။