ဧပြီ ၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တောင်ငူ၊ ဘိတ်-ထားဝယ်နှင့် ဖားအံခရိုင်တို့တွင် ပြီးခဲ့သည့် မတ်လအတွင်း နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ (IDP) ဦးရေ ၄,၁၅၇ ဦး ထပ်မံတိုးလာကြောင်း ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများ ကော်မတီ-CIDKP က ယနေ့ထုတ်ပြန်လာသည့် စာရင်းများအရ သိရသည်။
အဓိကအားဖြင့် ကရင့်လက်နက်ကိုင်တပ်များနှင့်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများအပြင် မတ်လ ၂၈ ရက်နေ့က မြေငလျင်လှုပ်ခတ်မှုကြောင့်ပါ တစ်လအတွင်း တောင်ငူခရိုင်တွင် IDP ဦးရေ ၂,၈၈၃ တိုးလာပြီး ဘိတ်-ထားဝယ်ခရိုင်တွင် ၉၀၉ ဦး၊ ဖားအံခရိုင်တွင် ၃၆၅ ဦး IDP တိုးလာသည်ဟု CIDKP က ဖော်ပြသည်။
CIDKP ၏ ဒု-တာဝန်ခံ စောခဲလေက “တောင်ငူမှာတိုးလာတဲ့ IDP ဆိုရင် ငလျင်ကြောင့်လည်း ဆက်စပ်မှုတချို့ ရှိတယ်။ အိမ်ခြေ ၅၀၀ ကျော်လောက်က ထိခိုက်တဲ့အထဲပါတယ်လေ။ ထန်းတပင်ဘက်က စစ်ရှောင်တွေဆို ငလျင်ဒဏ်ကိုပါ သူတို့ခံရတယ်။ ငလျင်လှုပ်တော့ ရေကြောတွေရွေ့သွားတယ်၊ ရေတွေခမ်းတယ်။ မီးမလာတော့ ရေတင်လို့မရဘူး။ လိုအပ်ချက်ကတော့ ရေနဲ့အစားအစာ အဓိကပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အတူ ငလျင်ကြောင့် ညောင်လေးပင်ခရိုင်ရှိ အိမ်ထောင်စုပေါင်း ၉၀၀ ကျော်ကိုပါ သက်ရောက်မှုရှိခဲ့ပြီး ညောင်လေးပင်အပါအဝင် ယခင်လကထက် IDP အရေအတွက် အပြောင်းအလဲမရှိခဲ့သည့် သထုံခရိုင်၊ ဒူးပလာယာခရိုင်နှင့် ဖာပွန်ခရိုင်တို့တွင် လေကြောင်း၊ ဒရုန်းအသုံးပြုမှုနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်းလည်း CIDKP က ဆိုသည်။
သဘာဝဘေးအန္တရာယ်မှပြန်လည်တည်ဆောက်ရေးကာလအတွင်း ဧပြီ (၂)ရက်မှ (၂၀)ရက်နေ့အထိ စစ်ကောင်စီဘက်က ယာယီအပစ်ရပ်ကြေညာထားသည်။ သို့သော် လက်တွေ့တွင် ကေအဲန်ယူထိန်းချုပ်နယ်မြေများ၌ စစ်တပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုများ၊ လက်နက်ကြီးတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။
ဆက်လက်၍ CIDKP ၏ စာရင်းအရ ယခုမတ်လကုန်အထိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးသထူ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် ၇ ခုတွင် စုစုပေါင်း စစ်ရှောင် ဦးရေ ၁,၁၂၆,၇၆၉ ဦးအထိရှိလာပြီဖြစ်သည်။



















