Home သတင်း မြန်မာပြည်မြောက်ပိုင်း စစ်ပွဲများရပ်တန့်ရေးနှင့် နယ်စပ်ငြိမ်းချမ်းရေး ဆက်လုပ်မည်ဟု တရုတ်ပြော

မြန်မာပြည်မြောက်ပိုင်း စစ်ပွဲများရပ်တန့်ရေးနှင့် နယ်စပ်ငြိမ်းချမ်းရေး ဆက်လုပ်မည်ဟု တရုတ်ပြော

968
Photo: Social Media

ဧပြီ ၂၃ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာပြည် မြောက်ပိုင်း စစ်ပွဲများ ရပ်တန့်ရေး၊ နယ်စပ်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံရှိ ဘက်အသီးသီးနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ဧပြီ ၂၂ ရက်နေ့က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆ ရကနေ့တွင် ရှမ်းပြည်နယ်၊ မြောက်ပိုင်း လာရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် ယခု ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၂ ရက်နေ့တွင် စစ်ကောင်စီသို့ ပြန်လွှဲပေးမှုအပေါ် တရုတ်အစိုးရ၏ ပါဝင် လုပ်ဆောင်စွက်ဖက်မှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းမှုအအပေါ် ၎င်းက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နောက်တဆင့်မှာ တရုတ်နိုင်ငံက ကူမင်းငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် တိုးတက်အောင် ဆက် လက် လုပ်ဆောင်သွားမည်ဖြစ်တယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရန်အတွက် ဆွေးနွေးပွဲ များကို လုပ်ဆောင်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက ဘက်အသီးသီးနဲ့အတူ တရုတ်-မြန်မာ နယ်စပ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု Mr. Guo Jiakun က ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် အစဉ်အလာ မိတ်ဖက်နိုင်ငံများ ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီ ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အလေးထား လေးစားသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဆက်ပြောသည်။

Photo: Social Media

ထို့အပြင် MNDAA နှင့်စစ်ကောင်စီတို့ ကူမင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သဘောတူညီချက်များကို အကောင် အထည်ဖော်နိုင်ရန် နှစ်ဖက်ပူးတွဲဖိတ်ကြားချက်အရ တရုတ်နိုင်ငံက ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေး အဖွဲ့တစ်ခုကို လားရှိုးမြို့သို့ စေလွှတ်ပြီး မြို့လွှဲပြောင်းပေးအပ်ခြင်းကို မျက်မြင် သက်သေခံသွားမည် ဖြစ်သည်ဟု တရုတ်အစိုးရ က ပြောသည်။

သို့သော် တရုတ်အပစ်ရပ် စောင့်ကြည့်အဖွဲ့သည် လာရှိုးမြို့၌ မည်သည့် အချိန်ထိ စောင့်ကြည့်သွားမည်ကိုမူ ရှင်းရှင်းလင်းလင်းပြောဆိုထားခြင်း မရှိသေးကြောင်း သိရသည်။

ယခုလို လာရှိုးမြို့ကို တိုက်ယူပြီးနောက် ပြန်လွှဲပေးခဲ့သည့် ကိုးကန့်တပ် (MNDAA)အနေဖြင့် ပြန်ပေးရန် လုံလောက်သည့် သဘောတူညီမှု တစ်ခုခုရှိနေ၍ ဖြစ်ပြီး နှစ်ဖက်အဖွဲ့အစည်းများက သဘောတူညီချက် ထုတ်ပြန် ခြင်းမရှိသေး၍ မှတ်ချက်ပြုပြောရန် စောင့်ကြည့်ရဦးမည်ဟု နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူ တစ်ဦးက မှတ်ချက်ပြု ပြောသည်။

ကိုးလ နီးပါး MNDAA တို့ သိမ်းပိုက်ထားသည့် လာရှိုးမြို့ကို ဧပြီ ၂၁ ရက်နေ့မှစ၍ စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့များ ပြန်ဝင်ရောက်လာပြီး ဧပြီ ၂၂ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပြန်ဝင်ရောက်လာပြီး ဖြစ်သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။