ဧပြီလ ၂၃ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်လိုက်သည့် ထုတ်ပြန်ကြေညာ ချက်အပေါ် ယုံကြည်စရာမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က ယနေ့တွင် တုံ့ပြန်ပြောသည်။
မတ်လ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက်ဆိုကာ ယာယီအပစ်ခတ်ရပ်စဲရေးပြုလုပ်ရန် ကြေညာထားသည့် ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကာလကို ဧပြီလ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်သည်ဟု ယမန်နေ့ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ကြေညာထားခြင်းဖြစ်သည်။
လက်တွေ့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု ထွက်ပြေး ရှောင်တိမ်းနေရသည့်အခြေအနေ၌ စစ်ကောင်စီ၏အပစ်ရပ်သက်တမ်းတိုးမှုသည် မြေပြင်ထိုး စစ်ဆင်ရန်အင်အားနည်းလာသည့် ၎င်းတို့အကျိုးအမြတ်ရရှိစေရေး အကြောင်းပြချက်သာဖြစ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ အယုံမလွယ်ကြရန် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက ပြောသည်။
“ကျနော့်အမြင်အရ မင်းအောင်လှိုင်က သူ့စစ်တပ်အတွက် အကျိုးအမြတ်ပိုများလာအောင်လုပ်တာ။ ယာယီအပစ်ရပ်မယ်ဆိုတာ အကြောင်းပြချက်ပဲ။ ကျနော်တို့လက်နက်ကိုင်အဖွဲ့တွေကို ထောင် ချောက်ဆင်တာ။ အပစ်သာ တကယ်ရပ်မယ်ဆို လေယာဉ်တွေ လွှတ်စရာအကြောင်းမရှိဘူး။ အနှစ်၇၀ ကျော် ကျနော်တို့ရဲ့တော်လှန်ရေးအတွေ့အကြုံအရ မာနယ်ပလော ကာလတုန်းကလည်း ဒီတိုင်းပဲ သူတို့ပြောဖူးတယ်။ ကျနော်တို့ယုံမိတော့ ကျနော်တို့ခံလိုက်ရတယ်။ တို့လက်နက်ကိုင်အဖွဲ့တွေကတော့ အယုံမလွယ်ကြနဲ့ ပေါ့။” ဟု ဗိုလ်မှုးချုပ် စောရှီးလေက ပြောသည်။
စစ်ကောင်စီက ယာယီအပစ်ရပ်ကာလအဖြစ် စတင်သတ်မှတ်သည့် ဧပြီလ ၂ ရက်နေ့က ကြေညာ ချက်တွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် အင်အားစုဆောင်းခြင်း၊ နယ်မြေချဲ့ ထွင်ခြင်း၊ ၎င်းတို့စစ်တပ်၊ ဌာနဆိုင်ရာနေရာများကို တိုက်ခိုက်ခြင်းမပြုလုပ်ရန် ထည့်သွင်းဖော်ပြခဲ့သည်။

တဖက်တွင် တိုက်ပွဲမရှိဘဲ ဧပြီလ ၂ ရက်နေ့ညနေပိုင်းက ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေသို့ လေကြောင်းလာရောက်ပစ်ခတ်ခဲ့သဖြင့် ၃ လသားနှင့် ၁၂နှစ်အရွယ် ကလေးငယ်သေဆုံးပြီး ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အတူ တပ်မဟာ(၄)နယ်မြေဘက်တွင်လည်း စစ်ကြောင်းထိုး တိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသခံနှင့်ကေအဲန်ယူတာဝန်ရှိသူတို့မှ သိရသည်။
ယင်းအပြင် တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်၊ ကရင်ရွာများအပါအဝင် ကျေးရွာ အများပြားရှိ ဘုန်းကြီးကျောင်းများ၊ လူနေထိုင်ရာနေအိမ်များသို့ ဧပြီ ၁၅ ရက်နေ့မှစတင်ကာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု ပြင်းထန်စွာလုပ်ဆောင်ခဲ့သဖြင့် သံဃာတော်နှင့်ပြည်သူများ ထိခိုက်သေဆုံးမှုရှိနေသည်။
NMSP-AD(မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ ပြောခွင့်ရ နိုင်ကောင်းစကားက “အပစ်ရပ်တယ်လို့ စပြောတဲ့နေ့ကတည်းက ဒီနေ့အချိန်ထိ စစ်ကောင်စီက ဘာမှတိုက်ပွဲမရှိတဲ့ ပြည်သူလူထုရဲ့အိုးအိမ်နေရာတွေကို နေ့တိုင်းဗုံးကြဲမပြတ်ပဲ။ ဘယ်လိုမှယုံကြည်လို့ရတဲ့ အနေအ ထားမဟုတ်ဘူး။ လေပေါ်မှာပဲပြောနေတာ နိုင်ငံရေးအရ လူကြားကောင်းအောင်ပြောနေတာလို့ပဲ ကျနော်တို့ယူဆတယ်။” ဟု စစ်ကောင်စီ၏ အပစ်ရပ်သက်တမ်းတိုးကြေညာချက်အပေါ် တုံ့ပြန်ပြောသည်။
အလားတူ ကေအဲန်ယူ တပ်မဟာ(၁)၊ တပ်မဟာ(၃) ဘက်တွင်လည်း စစ်တပ်စစ်ကြောင်း ထိုးဝင်လာမှုနှင့် ကျေးရွာများ၊ ဘုန်းကြီးကျောင်းများကို ပစ်ခတ်တိုက်ခိုက်မှုတို့ရှိခဲ့ပြီး ယခု ဧပြီလ တတိယပတ်တစ်အပတ်အတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေများ၌ သေဆုံးသူ ရဟန်းရှင်လူ ၂၀ ကျော်နှင့် ထိခိုက်သူ ၄၀ ဦးရှိလာပြီဖြစ်ကြောင်း စစ်ရှောင်ကူညီနေသူတို့က ပြောသည်။
မြန်မာနိုင်ငံတောင်ပိုင်းတိုင်းသာမက ငလျင်ဒဏ်အပြင်းထန်ဆုံးထိခိုက်ခံစားခဲ့ရသည့် အလယ်ပိုင်းတိုင်းရှိ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးရွာများသို့ တိုက်ပွဲဖြစ်စဥ်မရှိသော်လည်း စစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် ကိုယ်ဝန်ဆောင်သည်အပါအဝင် ထိခိုက်သေဆုံးသည့် ပြည်သူအများအပြားရှိနေသည်ဟုလည်း ဒေသသတင်းမီဒီယာများက ဖော်ပြကြသည်။



















