Home သတင်း တိုက်ပွဲများကြောင့် ညအချိန်သွားလာခြင်း မပြုကြရန် သရက်ချောင်း ပကဖ ထုတ်ပြန်

တိုက်ပွဲများကြောင့် ညအချိန်သွားလာခြင်း မပြုကြရန် သရက်ချောင်း ပကဖ ထုတ်ပြန်

481
Photo: CJ

ဧပြီလ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား နှစ်ဖက်စစ်ရေးတင်းမာနေသောကြောင့် ဒေသခံများ အနေဖြင့် ညအချိန်သွားလာခြင်းမပြုကြရန် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဧပြီ ၂၄) ရက်တွင် သတိပေးထုတ်ပြန်လိုက်သည်။

သရက်ချောင်းမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်ပွားနေသည့် ကန့်သတ်နယ်မြေအတွင်းရှိ ဒေသခံများကို ည ၇ နာရီမှ နံနက် ၅ နာရီ အထိသွားလာခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပကဖ ကပြောသည်။

“ မြိတ်-ထားဝယ်ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ဝင်းဝစခန်းရှိတယ်။ အဲဒီမှာ တိုက်ပွဲတွေဖြစ်တော့ မြိတ်-ကော့သောင်းဘက်က တက်လာပြီး ဖြတ်သွားဖြတ်လာနေတဲ့ ကားတွေကိုလည်း လောင်းလုံးမြို့နယ်ထဲက စဥ်ထိုးကျေးရွာနားက‌နေ အပေါ်ပေးမတက်တော့ဘူး။ နှစ်ဖက်ထိပ်တိုက် တိုက်ပွဲပုံစံမျိုး ဖြစ်နေတယ်။ လေကြောင်းတိုက်ခိုက်မှုကလည်း တောက်လျှောက် ဗုံးတွေ ကြဲချတာတွေ ရှိတယ်။ လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေဆဲပဲ ” ဟု ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ထားဝယ်-မြိတ်ကားလမ်းပိုင်းအတွင်းရှိ ဖြတ်သန်းသွားလာရေးအတွက် ကန့်သတ်ထားသည့် ကျေးရွာများမှ ဒေသခံများကိုမူ အရေးကိစ္စကြုံလာလျှင် ဆက်သွယ်အကြောင်းကြားပြီး သွားလာခွင့်ရှိ စေလိုကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

သရက်ချောင်းမြို့နယ် ပကဖ ၏ ထုတ်ပြန်ချက်တွင် ယာဉ်မောင်းများအနေဖြင့် သတ်မှတ်ရက်အတွင်း ခွင့်ပြုချက်မရှိဘဲ ညအချိန်သွားလာရာတွင် ထိခိုက်မှုများ ဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်း ပေးမည်မဟုတ်သလို သင်္ကာမကင်းဖွယ်ရာများကို တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဟုလည်း သတိပေးရေးသား ဖော်ပြထားသည်။

ယခု ကြေညာချက်ထုတ်သည့်အချိန်မှ စတင်ပြီး ဒေသခံများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များနှင့် နီးကပ်သည့် နေရာများတွင် နေထိုင်မှု မပြုကြရန် နှင့် ထုတ်ပြန်ချက်အတိုင်း တော်လှန်‌ရေး တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း ပါဝင်မှုများ လုပ်ဆောင်ကြရန် ပြည်သူများကို သရက်ချောင်းမြို့နယ် ပကဖဘက်က တိုက်တွန်း ဖော်ပြထားသည်။

နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် သရက်ချောင်းမြို့နယ်ထဲရှိ ဝင်းဝစခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံ ၅၀၀၀ ခန့်စစ်ရှောင်နေရပြီး အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်း တနင်္သာရီမြို့နယ်၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့တွင် ရက်ရှည် တိုက်ပွဲများ ဖြစ်ပွား နေသည့် အတွက် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၆,၈၀၀ကျော် ရှိခဲ့ကြောင်း FE5 Tanintharyiမှ ထုတ်ပြန်ပြောဆိုထားသည်။