ဧပြီလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်နှင့် ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦးသေဆုံး ကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် မုန်းမြို့နယ်အတွင်းရှိ ရွာကြီးအင်း နှင့် ကညင်တိုင်ကျေးရွာများသို့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ဒေသခံ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး နှစ် နှစ်ခန့်အရွယ် ကလေးငယ်အပါအဝင် ၂ ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နေ့အတွင်း၌ စစ်ကောင်စီတပ်က မုန်းမြို့နယ်ရှိ နိုကလော်၊ တောင်စုအရှေ့၊ တောင်စု အနောက်၊ နိုတောတာ၊ စီပေါပေါ်၊ တမာခေါ၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ငနွားဆိပ်၊ အညာစု၊ ရေလဲကရင်နှင့် ရွာကြီးအင်း စသည့် ကျေးရွာများသို့ လေကြောင်းမှ လာရောက်ပစ်ခတ်မှု များ လုပ်ဆောင်ခဲ့သေးကြောင်း ကေအဲန်ယူက ပြောသည်။
၎င်းအပြင် ၎င်း ဧပြီလ (၂၈) ရက်နေ့တွင်ပင် ရွှေကျင်မြို့နယ်တွင်လည်း စစ်ကောင်စီလေတပ်မှ ကျုံချောင်း၊ လေးလမ်းဆုံ၊ ရှမ်းရွာ၊ ခြေတော်ရာ၊ ညောင်ခြေထောက် နှင့် သရက်သမိန် နေရာများသို့ လေကြောင်းအပြင် လက်နက်ကြီးများပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိသည့် အပြင် နေအိမ် (၄)လုံးနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ညောင်လေးပင် ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့်အချိန်တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူများ စိုးရိမ်ကြောက်ရွံ့မှု များစွာဖြင့် နေထိုင်နေကြရသည်ဟု KNU က ဆိုသည်။
ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်နေ့တွင်လည်း သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများနှင့် ဒေသခံများ၏ လုပ်ငန်းခွင်သို့ စစ်ကောင်စီ၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။



















