ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
NCA အပစ်ရပ်မဟာမိတ်အဖွဲ့ 7 EAOs Alliance ၏ ဧပြီလ ၂၉ ရက်နှင့် ၃၀ ရက် နှစ်ရက်တာ အစည်းအဝေးတွင် စစ်ရှောင်ပြည်သူများအတွက် နိုင်ငံတကာ၏ လူသားချင်းစာနာမှုအကူအညီရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသုံးသပ်တို့ကို ဆွေးနွေးခဲ့ကြသည်ဟု အစည်းအဝေးတွင် တစ်ဖွဲ့အပါအဝင်ဖြစ်သော ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)ထံမှ သိရသည်။
ငြိမ်းချမ်းရေးတွင် ပါဝင်ပတ်သက်နေသူအားလုံး မစုံမလင်သည့်ကြားမှ ပုံမှန်ပြုလုပ်သည့် 7 EAOs Alliance ၏ အစည်းအဝေးအတွင်း ယခင်က ချမှတ်ထားသော ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအစဥ်ပေါ် ပြန်လည်သုံး သပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဥ်များကို ချမှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း (KNU/KNLA-PC) အဖွဲ့ ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
“စစ်ရေးပဋိပက္ခကြောင့်ဖြစ်လာတဲ့ လူမှုဒုက္ခတွေအတွက် နိုင်ငံတကာအကူအညီရအောင် ကျနော်တို့ လက်လှမ်းမီနိုင်မယ့်အပေါ်မှာ ကြိုးပမ်းလုပ်ဆောင်သွားမယ်။ အဓိကကတော့ ကျနော်တို့ အချိန် ၄နှစ်ကျော်ကြာ ပေးဆပ်မှုများစွာဖြစ်နေတဲ့အကြပ်အတည်းကို အခက်အခဲကိုကျော်လွှားချင်တာကြောင့် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဥ်တွေကို သုံးသပ်ပြီးတာနဲ့ အဆိုတင်သွင်းဖို့လည်း ရှိပါမယ်” ဟု ဒု-ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပဋိပက္ခတွင် ပါဝင်သူများအားလုံးအပစ်ရပ်ရေး၊ အသွင်ကူးပြောင်းရေးအတွက် ကတိကဝတ်ပြုရေး၊ ကြားကာလအစိုးရတစ်ရပ်ဖွဲ့ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲအတည်ပြုရေးနှင့် ရွေးကောက်ပွဲပြန်လည်ပြုလုပ်ရေး စသည်တို့မှာ 7 EAOs Alliance က ရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုက ရေစီအသွင်ကူးပြောင်းရေးအစီအစဥ်များအဖြစ် သိရသည်။
မဟာမိတ်အဖွဲ့တစ်ဖွဲ့ချင်းစီအနေဖြင့်လည်း စစ်ကောင်စီနှင့် ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲများ၊ နိုင်ငံခြား ခရီးစဥ်များအတွင်း ဒေသတွင်းဖြစ်ပေါ်နေသည့် အကြပ်အတည်းကျော်လွှားနိုင်ရေးအတွက် တိုက်တွန်း ပြောဆိုမှုပြုလုပ်သလို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာရန် ကြိုးပမ်းလျက်ရှိကြောင်း စောကျော်ညွန့်က ဆက်ပြောသည်။
၎င်းက “workshop သဘောလို ဥပမာနိုင်ငံခြားခရီးစဥ်လိုမျိုးမှာ ကျနော်တို့ တစ်ဖွဲ့ချင်းစီ စစ်ကောင်စီနဲ့ ပူးပေါင်း ဆောင်ရွက်တာရှိတယ်။ အဲဒီမှာ လက်ရှိအကြပ်အတည်းအခက်အခဲရပ်တန့်နိုင်ဖို့ကို ခရီးသွားဟန် လွဲသဘောနဲ့၊ စစ်ကောင်စီအပါအဝင် နိုင်ငံခြားသံအမတ်တွေနဲ့ တိုက်တွန်းပြောဆိုတာတွေ ကျနော်တို့လုပ်ပါ တယ်။ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်လာဖို့ကတော့ ကြိုးစားနေတုန်းပါ” ဟု ကေအိုင်စီသို့ ပြောသည်။
တွေ့ဆုံဆွေးနွေးမှုအပိုင်းတွင်မူ စစ်အာဏာမသိမ်းခင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသ ဘောတူစာချုပ်-NCA အဖွဲ့ဝင်ဖြစ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF နှင့် ချင်းအမျိုးသားတပ်ဦး-CNF တို့က စစ်ကောင်စီအာ ဏာသိမ်းပြီးနောက် NCA လမ်းကြောင်းမှတဆင့် တွေ့ဆုံဆွေးနွေးရေးမဖြစ်နိုင်ကြောင်း အတိအလင်းပြောဆိုကာ ဒေသအတွင်းတွင်လည်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာရန် အဓိကရည်ရွယ် ဖွဲ့စည်းခဲ့သည့် 7 EAOs Alliance ၏ အွန်လိုင်း အစည်းအဝေးတွင် အဖွဲ့၏ လုပ်ငန်း ကော်မတီညှိနှိုင်းရေးမှူးများ၊ ဦးဆောင်သူများနှင့်ဖိတ်ကြားထား သူများအပါအဝင် ၂၀ ဝန်းကျင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။



















