Home သတင်း စစ်ရေးပဋိပက္ခကြားမှ ကော်သူးလေပညာသင်နှစ် ပြီးဆုံးအောင်မြင်မှုအပေါ် အသိအမှတ်ပြုကြောင်း KNU ထုတ်ပြန်

စစ်ရေးပဋိပက္ခကြားမှ ကော်သူးလေပညာသင်နှစ် ပြီးဆုံးအောင်မြင်မှုအပေါ် အသိအမှတ်ပြုကြောင်း KNU ထုတ်ပြန်

619

ဧပြီ ၂၉ ရက်၊ ၂၀၂၅ ရက်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင့်အမျိုးသားအစည်းရုံး၊ ကော်သူးလေနယ်မြေအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ် ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြုံတွေ့နေရသည့်အချိန်တွင် ယခု ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် စာ မေးပွဲ ပြီးဆုံးအောင်မြင်နိုင်ခဲ့မှုအပေါ် အသိအမှတ်ပြုကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်လိုက် သည်။

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)က ဖွင့်လှစ်ကြသည့် ကရင်စာသင်ကျောင်း (၄၂) ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား ၅၅၃ ဦး၊ ကျောင်းသူ ၉၈၄ ဦးတို့မှ ၂၀၂၄ -၂၀၂၅ ခုနှစ် ပညာသင်နှစ်၏ စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

“စစ်တပ်က ကျောင်းတွေကိုရော၊ လူတွေနေတဲ့ရွာတွေကိုရော လေယာဉ်နဲ့ လာပစ်လိုက် လက်နက်ကြီးနဲ့ လာပစ်လိုက်လုပ်တော့ ကျောင်းတချို့ကတော့ တက်လိုက်ပိတ်လိုက် လုပ်ခဲ့ရတာရှိတယ်။ ကလေးတွေက ကျောင်းပြန်တက်ပေမယ့်လည်း ကြောက်စိတ်နဲ့ စာသင်ယူခဲ့ကြရတယ်။ ဒါပေမယ့် သူတို့ အရှုံးမပေးဘဲ နှစ်အဆုံးထိတက်ပြီး စာမေးပွဲဖြေခဲ့ကြတယ်။ ပြီးတော့ အခုလို ပြီးမြောက်အောင်နိုင်ခဲ့ကြတာကိုလည်း တကယ်အားရကျေနပ်ဖို့ ကောင်းတယ်” ဟု KECD ၏ အခြေခံပညာဦးစီးဌာနမှူးဖြစ်သူ Naw New Temple Htun က ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အခက်အခဲများရှိသည့်ကြားမှ ပညာသင်နှစ် တစ်နှစ်ပတ်လုံးအတွက် အားသွန်ခွန်စိုက် အတူတကွ ကြိုးစားလုပ်ဆောင်ပေးသော ကျောင်းသူ/သားများအပြင် ဒေသဆိုင်ရာ ခေါင်းဆောင်များ၊ ကျောင်းကော်မတီ များနှင့် ကျောင်းသားမိဘများကိုလည်း ကျေးဇူးတင်ကြောင်းလည်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို စွမ်းဆောင်နိုင်သည့် အရည်အချင်း၊ စိတ်ဓာတ်တို့သည် ဖက်ဒရယ်ဒီမိုကရေစီ၏ ပန်းတိုင်ဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားစီရင်ပိုင်ခွင့် ၊ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်တို့အတွက် နီးစပ်လာသည့် အပြုအမူ တစ်ရပ်ဖြစ်ကြောင်း KNU အသိပေးထုတ်ပြန်သည်။

ကော်သူးလေ နယ်မြေအတွင်းရှိ ခရိုင် ၆ ခုတွင် ယခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အထက်တန်း အဆင့် ၁၂ တန်းစာမေးပွဲ ဖြေဆိုသူ ကျောင်းသူ၊ကျောင်သားဦးရေ ၁၅၀၀ ဦးကျော်အနက် အောင်မြင်သူ ဦးရေ ၉၆၉ ဦးရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။