Home သတင်း ထားဝယ်-ထီးခီးနယ်စပ်သို့ စစ်ကြောင်းဝင်လာ၍ ဒေသခံများ တိမ်းရှောင်

ထားဝယ်-ထီးခီးနယ်စပ်သို့ စစ်ကြောင်းဝင်လာ၍ ဒေသခံများ တိမ်းရှောင်

834
Photo: CJ

ဧပြီ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထားဝယ်-ထီးခီး နယ်စပ်သို့ စစ်ကောင်စီက ဧပြီ ၂၉ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အတွက် ဒေသခံများထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ ဆရာယောနသံက ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် အင်အား ၂၀၀ ဝန်းကျင်ခန့် ရှိပြီး စစ်ကြောင်း သုံးကြောင်းခွဲ ၍ဝင်ရောက် လာခြင်းဖြစ်သည့်အတွက် ဒေသခံတို့ ယခုလို တိမ်းရှောင်နေရခြင်းဖြစ်သည်။ ထို့ကြောင့် တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်သူများ ထပ်တိုးလာသည်ဟု ဆရာယောနသံက ပြောသည်။

“စစ်ဘေးရှောင်က ဒီရက်ပိုင်းမှာဆိုရင် သောင်းနဲ့ချီပြီး ရှိလာတယ်။ တချို့စစ်ဘေးရှောင်တွေကတော့ ထိုင်း နယ်စပ်တွေမှာသွားပြီးတော့ ရှောင်တိမ်းနေရတာတွေ ရှိတယ်။ နောက်ပြီးတော့ ဒီအရှေ့တောနယ်စပ် တစ်ခုထဲကို ဒေသခံငါးထောင်ကျော်မှာ ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းများသည် ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ထီးထဗျူဟာစခန်းကို ပြန်လည်ရရှိနိုင်ရန် ထီးခီး နယ်စပ်ကို အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ရန်ဖြစ်နိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ခန့်မှန်း ပြောဆို သည်။

လက်ရှိ နှစ်ဖက်စစ်ရေးတင်းမာနေသောကြောင့်မေတ္တာမြို့၊ ထီးခီးနယ်စပ်ဒေသ၊ တောင်သုံးလုံးကျေးရွာနှင့် ကျောက်မဲတောင်ကျေးရွာများရှိ ဒေသခံများ ပြီးခဲ့သည့် ဧပြီလ တတိယအပတ်မှ စတင်၍ စစ်ရှောင်နေရခြင်း ဖြစ်သည်။ ယမန်နေ့တွင် စစ်ကြောင်းထပ်ဝင်လာသောကြောင့် သရက်ငုတ်ကျေးရွာ၊ သင်္ကန်းတုန်းကျေးရွာနှင့် ဝကုန်းကျေး ရွာများမှ ဒေသခံများလည်း တပ်မံတိမ်းရှောင်နေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။

ထားဝယ်၊ အရှေ့တောနယ်ဒေသ ထီးခီးနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ထီးခီးနယ်စပ်နှင့် တောင်သုံးလုံးကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ် ခဲ့သည်။

လက်ရှိ အဆိုပါဒေသတွင် နှစ်ဖက်စစ်ရေးအရှိန်မြင့်လာသောကြောင့် ထားဝယ်-ထီးခီးလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများအနေဖြင့် စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။