Home သတင်း စစ်ကောင်စီတပ်က ထားဝယ် အရှေ့တောနယ်ဒေသသို့ ဗုံးကြဲ တစ်ဦး သေဆုံး

စစ်ကောင်စီတပ်က ထားဝယ် အရှေ့တောနယ်ဒေသသို့ ဗုံးကြဲ တစ်ဦး သေဆုံး

590
Photo: Social Media

ဧပြီ ၂၄၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဒေသအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်နေ့ မွန်းလွဲချိန်တွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခဲ့ရာ အမျိုးသားတစ်ဦး ဗုံးထိသေဆုံးသွား သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် အရှေ့တောနယ်၊ တောင်သုံးလုံးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဗုံးထိမှန်ပြီး နေရာ၌ပင်သေဆုံးသွားသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“မနေ့ကတော့ လေကြောင်းနဲ့လာကြဲတယ်။ လမ်းသွားနေတဲ့ အမျိုးသားတစ်ဦး သေသွားတယ်။ ဆေးရုံတောင် မမှီလိုက်ဘူး။ ပွဲခြင်းပြီးဆုံးသွားတယ်၊ နောက်ကျောကိုထိပြီး။ ဒေသခံတွေကတော့ ကြောက်လို့ရှောင်နေကြတာ တွေတော့ ရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အရှေ့တောနယ်ဒေသအတွင်းရှိ ကျေးရွာများရှိ ဒေသခံများအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် နေရာရွှေ့ပြောင်းနေထိုင်မှုများကို လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆက် ပြောသည်။

ထို့အပြင်အရှေ့တောနယ်ဒေသအတွင်းရှိ မေတ္တာမြို့ နှင့် ထီးခီးနယ်စပ်ဒေသ များတွင်လည်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် မကြာခဏစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့ နှစ်ဖက်စစ်ရေး တင်းမာမှု များလည်းရှိနေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင် လျက်ရှိသည်။

ယခုလို ဗုံးကြဲတိုက်ခိုက်မှုများကြောင့်လည်း တစ်ဖက်တွင်ဒေသခံများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ စစ်ဘေး ရှောင်နေရကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာယောနသံမှ အတည်ပြုပြောဆိုသည်။

“စစ်ဘေးရှောင်တွေကတော့ ရှိနေတုန်းပါဘဲ၊ ဒါပေမဲ့သူတို့အတွက် လေကြောင်းရန်နဲ့ ပက်သက်တဲ့ အသိပညာပေး မှုတွေ လုပ်ဆောင်ထားပေးတယ်။ လက်ကမ်းစာစောင်တွေ ပေးဝေထားတယ်။ အရှေ့တောနယ်မှာက စစ်ဘေး ရှောင်အတည်တကျမရှိပါဘူး။ ယာယီ စစ်ဘေးရှောင်တွေ များတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်းတွင်လည်း စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြပြီး ဒေသခံပြည်သူ ၃၃၄ ဦး ထက်မနည်းဖမ်းစီးခဲ့ပြီး ၆၃ ဦး ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု FE5 Tanintharyi က ပြောဆိုထားသည်။

ထို့အပြင် ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ် မှုများ ကြောင့် အပြစ်မဲ့ပြည်သူ ၇၂၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း FE 5 Thaninthatyi ၏အစီခံစာများအရ သိရ သည်။

လက်ရှိတွင်လည်း ထီးခီးနယ်စပ် ထီးထဗျူဟာစခန်းကိုပြီးခဲ့သည့် ဧပြီလ(၁၉)ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့ ဝင်များက ဝင်ရောက်သိမ်းပိုက်ပြီးနောက်ပိုင်း ထားဝယ်-ထီးခီးလမ်းတစ်လျှောက်ရှိ ဝကုန်းကျေးရွာ၊ ဝဇွမ်းချောင်း ရွာလမ်းနှင့် ကျောက်မဲတောင်တစ်ဝိုက်တွင် တော်လှန်ရေးတပ်များက သွားလာခွင့်ကိုယာယီပိတ်ထားသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြင့်လာပြီး အရှေ့တောနယ် ဒေသရှိ စစ်ကောင်စီ စခန်း တချို့သို့ စစ်သုံးရဟတ်ယာဉ်များဖြင့် လက်နက်၊ ရိက္ခာ ဖြည့်တင်မှုများကို ဆက်တိုက် လုပ်ဆောင်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။