Home သတင်း စစ်ရှောင်များနေခဲ့ဖူးသည့် ဝင်းက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ

စစ်ရှောင်များနေခဲ့ဖူးသည့် ဝင်းက စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ

693

ဧပြီ ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်ရှိ၊ ဝင်းကကျေးရွာ စာသင်ကျောင်းကို ဧပြီ ၂၃ ရက်နေ့ ည၈ နာရီအချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စာသင်ကျောင်း၌ ယခင်က စစ်ရှောင်များကို နေရာချထားဖူးသော်လည်း စစ်ကောင်စီက စစ်ရှောင်ပြည်သူတို့ ခိုလှုံသည့်နေရာများကို တမင်ပစ်မှတ်ထား ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း တို့ ပြုလုပ်နေသည့်အတွက် စစ်ရှောင်များကို နေရာပြောင်းရွှေ့ထားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

“စစ်ကောင်စီက စာသင်ကျောင်းဝင်းတည့်တည့်ကို ပစ်မှတ်ထားတာ လေယာဉ်၂ စင်းလာပစ်တာ အဲဒီ့ နှစ်စင်းလုံး ကျောင်းဝင်းကိုဘဲပစ်တယ်။ စာသင်ကျောင်းထဲက ဆရာ၊ဆရာမ နေတဲ့အဆောင်က အရင်က စစ်ရှောင်တွေကိုထားထားတာ။ တော်သေးလို့ စစ်ရှောင်တွေကို တခြားနေရာတွေကို ပြောင်းခိုင်းလိုက် တာ မကြာသေးဘူး။ စာသင်ကျောင်းအနီးမှာနေတဲ့ လူတွေကလဲ ကြိုရှောင်ထားလို့ လူမထိတာ” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီလေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင်အပြင် လူနေအိမ် ၃ လုံး ပျက်ဆီး သွားရပြီး ကျောင်းအနီးရှိ အိမ်ရှင်တစ်ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိသွားရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ဗုံး ၃ လုံးကြဲရာ ၂ လုံး ပေါက်ကွဲပြီး ကျန်သည့်တစ်လုံးမှာ မပေါက်ကွဲခဲ့ဟု ကေအဲန်ယူ ကျုံဒိုးမြို့နယ် တာဝန်ရှိသူဘက်က ဆိုသည်။

စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများနှင့် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများကိုစစ်ကောင်စီတပ်မှ လေကြောင်းပစ်မှတ်တိုက်ခိုက်သည့်အတွက် ဝင်းကကျေးရွာအပြင် ထိုဒေသရှိ ဒေသခံလူထုများသည် ထိုအနီနားနေရာများတွင် မနေရဲတော့ဘဲ ပြောင်းရွေ့နေထိုင်ရသည်ဟု ဒေသခံတို့က ပြောသည်။

ထို့အပြင် ကော့ကရိတ်ရှိ စစ်ကောင်စီတပ်ဘက်ကလည်း ယမန့်နေ့ည ပိုင်းတွင် ၁၂၀ မမ လက်နက်ကြီး နှင့် ပစ်ခတ်ခဲ့သေးသည်ဟု သိရသည်။

ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့ကြားတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြားစစ်ရေး တင်းမာနေပြီး စစ်ကောင်စီက လူထုများနေထိုင်သည့် ကျေးရွာအတွင်းရှိ ဘာသာရေးအဆောက်အဦးနှင့် စာသင်ကျောင်းများကို ဆက်တိုက်ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် ဧပြီ ၁၅ ရက် နေ့မှ စတင်၍ တစ်ပတ်ကျော်အတွင်း ပြည်သူ၂၀ ဦးကျော် သေဆုံးပြီး ၄၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ သွားသည်။