Home သတင်း ကြိုစီစဉ် စရံယူထားသည့်ပွဲများ သီဆိုဖျော်ဖြေရမှုအပေါ် နားလည်ပေးရန် ကရင်အနုပညာရှင်များပြော

ကြိုစီစဉ် စရံယူထားသည့်ပွဲများ သီဆိုဖျော်ဖြေရမှုအပေါ် နားလည်ပေးရန် ကရင်အနုပညာရှင်များပြော

929
Photo credit : Due Lay

ဧပြီ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

သဘာဝဘေးဒဏ် ကြုံတွေ့နေရသည့် ကာလတွင် အလှူပွဲများ၌ သီဆိုဖျော်ဖြေရခြင်းသည် ကြိုစီစဉ်ထားပြီး စရံယူထားသည့် ပွဲများဖြစ်၍ နားလည်ပေးရန်နှင့် ရရှိအနုပညာကြေးများကိုလည်း ငလျင်ဘေးအတွက် လှူဒါန်း သွားမည်ဟု ကရင်အနုပညာရှင်များက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ သဘာဝဘေးဒဏ် အန္တရာယ်ခံစားနေရသည့်ကာလတွင် ဘုရားပွဲ၊ ရဟန်းခံရှင်ပြုအလှူပွဲများ စည်ကားစွာကျင်းပသူများနှင့် သွားရောက်သီဆိုဖျော်ဖြေရသည့် ကရင်အနုပညာရှင်များကို ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာသည့်အပေါ် အနုပညာရှင်များက ပရိဿတ်များကို နားလည်ပေးရန် ပြောဆိုခြင်း ဖြစ်သည်။

ထိုသို့ ဖျော်ဖြေရခြင်းသည် ယခင်လများကတည်းက ကြိုတင်စီစဉ်ထားသည့် ပွဲများဖြစ်သလို အနုပညာကြေး စရံ‌ ငွေကို လက်ခံထားပြီးဖြစ်၍ အလှူရှင်ဘက်က ပွဲမဖျက်ပါက အနုပညာရှင်များအနေဖြင့်လည်း ဖျော်ဖြေမှု ဖျက် သိမ်း၍ မရသည့် အခြေအနေဖြစ်သည်ဟု ကရင်အနုပညာရှင်တစ်ဦးက ယခုလို ပြောသည်။

“ကျနော်တို့ အနုပညာရှင်က ပွဲတစ်ခုဆိုရင် ကြိုပြီး လာငှားရတယ်။ စရံတွေလည်း ကြိုယူထားရတယ်။ ကိုယ့် ဘက်က ပျက်ကွက်ရင် ဘယ်နှစ်ဆ ပြန်လျော်ရမှာတွေ ရှိတယ်။ ကျနော်တို့က အနုပညာသမားဆိုတော့ အနုပညာ အလုပ်နဲ့ပဲဝင်ငွေရတယ်။ မသွားဆိုဖြစ်ရင် ပြန်လျော်ဖို့လည်း ကျနော်တို့မလျော်နိုင်ဘူး။ အဲဒါကြောင့် နားလည် ပေးစေချင်ပါတယ်။ အခုရတဲ့ အနုပညာကြေးတွေကိုလည်း ငလျင်ဘေးသင့် ခံနေရတဲ့ပြည်သူတွေ အတွက် ပြန် လှူဖြစ်တယ်။ သူတို့အတွက် အထောက်အကူ ပြန်ပြုပါတယ်။ ကျနော်တို့ကို နားလည်ပေးစေချင်ပါတယ်” ဟု ကရင်အနုပညာရှင်တစ်ဦးက ပြောသည်။

ဝေဖန်မှုရှိသည့်ကြားမှ သီချင်းသွားရောက်ဖျော်ဖြေသီဆိုသည့် ကရင်အနုပညာရှင်များအားလုံးနီးပါးသည် ရရှိသည့် အနုပညာကြေးများကို မြေငလျင်အတွက် အကူအညီပေးနိုင်ရန် ကရင်ယဉ်ကျေးမှုနှင့် အနုပညာအစည်းအရုံး-KCO တွင် အလှူငွေများ ပြန်လည် ထည့်လှူပေးခြင်းများလည်း ပြုလုပ်နေသည်ဟု အမည်မဖော်လိုသည့် KCOအဖွဲ့ဝင် တစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

“ဒီအနုပညာရှင်တွေက KCO အဖွဲ့ဝင်တွေဖြစ်တယ်။ သူတို့လည်း သူများလိုမျိုး သီချင်းလိုက်ဆိုတာ ငွေအများကြီး မရပါဘူး။ မြေငလျင်ခံရတဲ့ ပြည်သူတွေကို ကိုယ်ချင်းမစားလို့မဟုတ်ဘူး၊ ကိုယ်ချင်းစာပေးပါတယ်။ အခုသူတို့ရရှိ တဲ့အနုပညာကြေးတွေကို သဘာဝဘေးအန္တရာယ်အတွက် အကူအညီပြန်ဖြစ်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ပြင်းထန်နေဆဲရှိသည့် ကော့ကရိတ်မြို့နယ်ထဲတွင် ငြိမ်းချမ်းရေးကောင်စီ-PC အခြေချဗျူဟာ လက်အောက်ခံ အထူးတပ်ရင်းအမှတ် (၇၇၂) မှ တပ်မှူးတစ်ဦးက ဦးဆောင်ကျင်းပသည့် ဘုရားထီးတော်တင်ပွဲနှင့် ရဟန်းခံရှင်ပြုအလှူမင်္ဂလာပွဲတွင် ကရင်တေးဂီတ ဖျော်ဖြေပွဲများထည့်သွင်း ကျင်းပသည့်အပြင် အာဝါဒေး လောင်းကစားဝိုင်းပါဝင်သည့် အတွက် ဝေဖန်မှုများ ပေါ်ထွက်နေခြင်းဖြစ်သည်ဟု သိရသည်။

ထို့အပြင် ဖားအံမြို့ သံလွင်မြစ်ကမ်းဘေး သဲသောင်ပြင်၌ ကရင်ပြည်နယ် စစ်ကောင်စီ ဦးစီးပြီး တစ်လကြာ ရေပေါ်သင်္ကြန်ကျင်းပရန် ပြင်ဆင်ရေးလုပ်ဆောင်နေမှုအပေါ် ရပ်ဆိုင်းလိုက်သည်ဟု ဖားအံမြို့ခံများထံမှ သိရ သည်။