Home သတင်း ကုန်တင်ကားများပေါ်တွင် လက်နက်ကိုင်ဆောင်ပြီး သွားလာခြင်းမပြုရန် IEC ညွှန်ကြား

ကုန်တင်ကားများပေါ်တွင် လက်နက်ကိုင်ဆောင်ပြီး သွားလာခြင်းမပြုရန် IEC ညွှန်ကြား

651
Photo - KSP

ဧပြီ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်အတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှုများပြုလုပ်ရာတွင် အသုံးပြုနေသည့် ကုန်တင် ကားများပေါ်၌ လက်နက်များကိုင်ဆောင်ခြင်းနှင့် စစ်ယူနီဖောင်းများ ဝတ်ဆင်းမပြုလုပ်ရန် ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ- IEC က ညွှန်ကြားလိုက်သည်ဟု အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ပြောသည်။

အဆိုပါ မတ် ၃၁ ရက်နေ့တွင် ထုတ်ပြန်သည့် ညွှန်ကြားချက်တွင် ကုန်ကားပေါ်၌ စစ်ယူနီဖောင်းများ ဝတ်ဆင် ခြင်းမပြုရန်၊ လက်နက်ကိုင်ဆောင်ခြင်း များ မပြုလုပ်ရန်နှင့် သတ်မှတ် လမ်းကြောင်းအတွင်းသွားလာရန် စသည့် အချက်များပါဝင်သည်။

“အဓိကရည်ရွယ်ချက်ကတော့ သေနတ်တွေ စစ်ယူနီဖောင်းတွေကို ပြည်သူတွေနဲ့ဆက်ဆံရတဲ့အချိန်မှာ မသင့် တော်ဘူး။ ပြီးတော့တော်လှန်ရေးရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေတဲ့အတွက်ကြောင့် စည်းဝေးပွဲအပြီးမှာ ထုတ်ပြန် လိုက်ခြင်းဖြစ်တယ်” ဟု အတွင်းရေးမှူး-၂၊ ဗညားခွန်အောင် ကေအိုင်စီသို့ ပြောဆိုသည်။

ထို့အပြင် ယခင်ကမော်ချီးဒေသသို့ ကုန်ပစ္စည်းများတင်ဆောင်သည့် ကုန်တင်ကားများကို စစ်ရေးအရ ပြီးခဲ့သည့် မတ် ၅ ရက်နေ့မှ စ၍ သွားလာခွင့်ကန့်သတ်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ပေးပြီး အန္တရာယ် ကင်းသည့် လမ်းကြောင်းများကို ဖော်ဆောင်ပေးထားသည်ဟု IEC က ဖြည့်စွက် ပြောဆိုသည်။

လက်ရှိမြေပြင်တွင်လည်း အဆိုပါ ထုတ်ပြန်ချက်များကြောင့် ကရင်နီဒေသအတွင်းရှိ ပြည်သူများအနေဖြင့် ကျေနပ်မှု များရှိနေပြီး ယခုလိုထုတ်ပြန်ချက်မထုတ်ခင် စစ်ဝတ်စုံဝတ်ဆင်ထားသူများနှင့် လက်နက်ကိုင်ဆောင် ထားသူများအနေဖြင့် သွားလာရာတွင် ပိုမိုလွတ်လပ်သည့် အသွင်ရှိသည်ဟု ကရင်နီဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“အခုလိုထုတ်ပြန်လိုက်တဲ့အတွက် ပိုပြီးဘက်မျှတယ်လို့ ထင်တယ်။ ဖြစ်လည်း ဖြစ်သင့် ပါတယ်။ မဟုတ်ရင် လက်တွေ့ မြေပြင်မှာ ဆက်ဆံရတဲ့အခါ သေနတ်ကိုင်တဲ့သူတွေက ပိုပြီးနေရာရတယ်။ ဖြတ်သန်းသွားလာခွင့် တွေမှာ သိသာမှုတွေရှိပါတယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောဆိုသည်။

အဆိုပါ စစ်ယူနီဖောင်းဝတ်ဆင်ခြင်းနှင့် လက်နက်ကိုင်ဆောင်ခြင်းများကို ခွင့်မပြုကြောင်း အမိန့်ညွှန်ကြားစာ ပါရှိသည့် ထုတ်ပြန်ချက်ကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီနှင့် တပ်ပေါင်းစုံအဖွဲ့ဝင်များ တွေ့ဆုံ ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအရ ထုတ်ပြန်ထားခြင်းဖြစ်သည်။ စည်းကမ်းလိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟုလည်း IEC က ပြောဆိုထားသည်။