Home သတင်း ကျုံဒိုး၊ ကမ်းနီတွင် စစ်ကောင်စီတပ် ဒရုန်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်၊ အရပ်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု ဆက်ရှိနေ

ကျုံဒိုး၊ ကမ်းနီတွင် စစ်ကောင်စီတပ် ဒရုန်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်၊ အရပ်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှု ဆက်ရှိနေ

711
Photo: CJ

ဧပြီ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-ကျုံဒိုးမြို့ နယ်ဟောင်သရောမြစ်တစ်ဘက်ကမ်း ကမ်းနီကျေးရွာဘက်သို့ ကျုံဒိုးအ ခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်၍ လူထိခိုက်ဒဏ်ရာရရှိမှုနှင့်နေအိမ်ထိမှန်ပျက်စီးမှုများ ဆက်ရှိနေကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၆ ရက် မွန်းလွဲ ၃ နာရီကျော်အချိန်တွင် ဒရုန်းဗုံးသီးလေးလုံး ချတိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် ကမ်းနီကျေးရွာသားတစ်ဦး ခြေထောက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့ဗုံးသီးအစ ထိမှန်ပျက်စီးခဲ့သေးသည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ယခုလို ပြောသည်။

“ကမ်းနီရွာက စစ်တပ်ကလေယာဉ်ကြဲလိုက်၊ လက်နက်ကြီးပစ်လိုက်၊ ဒရုန်းသီးကြဲလိုက်လုပ်နေတာ ဒီနေ့ဒရုန်း လေးလုံးလာကြဲချတာ အိမ်တွေထိကုန်တယ်။ အသက်၅၀ အရွယ် ဦးလေးတစ်ယောက်ခြေ ထောက်ထိတယ်။ များသာအားဖြင့်က ဂျိုင်းတံတားကလက်နက်ကြီးပစ်ထည့်၊ ခမရ ၅၄၅ က ပစ်ထည့် ၊ ဒရုန်းနဲ့ချအဲသလိုမျိုးပေါ့၊ ရွာမှာဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှမရှိဘူး။ တိုက်ပွဲလည်းမရှိဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

ပြီးခဲ့သည့် ဧပြီ ၁၄ ရက်က ကမ်းနီရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ရဟန်းသံဃာ ၄ ပါးနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။ ယခုတစ်ကြိမ်ထိခိုက်ဒဏ်ရာရရှိသူမှာ နေအိမ်စောင့်နေထိုင်သူဖြစ်ကြောင်း သိရသည်။

“ကျုံဒိုးတစ်ဖက်ကမ်းရွာတွေဖြစ်တဲ့ကမ်းနီ၊ သရက်တော၊ ကော့ခိုက်၊ ကော့လှိုက်၊ ငှက်ပျောတော၊ ညောင်ရိပ်သာရွာတွေက ဖားအံဘက် ခရား၊ သံလှယ်၊ ဇာသပြင်၊ ထုံးအိုင်ဘက်တွေ ရှောင်နေကြ တာကြာပြီ။ တော်လှန်ရေးမွန်အဖွဲ့၊ ကရင်အဖွဲ့တွေ ရောက်လာပြီး ကျုံဒိုး၊ ဂျိုင်းတံတားတိုက် ခံရမယ်ဆိုပြီး လက်နက်ကြီးပစ်ထည့်နေတာရွာသားပဲ ထိတာသေတာဖြစ်နေတယ်။ စကစတွေကလူလူချင်းတော့ လာထွက်မတိုက်ကြဘူး” ဟု သရက်တောရွာ ဒေသခံတစ်ဦးက ပြောသည်။

လတ်တလော စစ်ကောင်စီ လေကြောင်းက ဧပြီ ၂၅ ရက်ညပိုင်းက ဘုရားသုံးဆူမြို့နယ်၊ မက္ကသာရွာ သပြု ‌‌‌‌ခနောက်စိမ်းသတ္တုမိုင်းနေရာနှင့် လှိုင်းဒွယ်ကျေးရွာရှိ အပစ်ရပ်ငြိမ်းချမ်းရေးအိမ်ရာ (ဂျပန်အိမ်ရာ) နေရာကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်နှင့်သတ္တုမိုင်းလုပ်ကွက်နေရာ အဆောက်အအုံများ ထိမှန်ပျက်စီးခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။