ဧပြီလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေ တပ်မတော်-KTLA အဖွဲ့မှ ဗိုလ်စလုံး ဦးဆောင်ပြီး တပ်ဖွဲ့ဝင် (၃) ဦးနှင့်အတူ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA ထံသို့ ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ပြန်လည်ဘက်ပြောင်းဝင် ရောက်လာသည်ဟု DKBA ဘက်က အတည်ပြုပြောဆိုသည်။
ဗိုလ်စလုံး အပါအဝင် ၎င်းတပ်ဖွဲ့ဝင်များဖြစ်သော နော်အေးနိုင်ဖော၊ စောဆဲအယ်နှင့် စောမုကပေါ်တို့ သည် ယခင် DKBA တပ်ဖွဲ့ဝင်ဟောင်းများသာ ဖြစ်သောကြောင့် ယခုလို ပြန်လည် လက်ခံပေးခြင်းဖြစ်သည်ဟု DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ ယခုလို ပြောသည်။
“ ဟိုအရင် KNDO ဆီ မသွားခင်တုန်းက ဗိုလ်စလုံးဟာ ကျနော့်ဆီမှာပဲ နေတယ်။ စစ်ကြောင်းမှူးအနေနဲ့ တာဝန်ပေးထားတယ်။ ပြီးတော့ သိပ်မကြာဘူး၊ KNDO ဆီ သူသွားလိုက်တယ်။ ဒါပေမယ့် ကျနော်တို့ လူပဲ။ အဲ့လို သွားတယ်ဆိုပေမယ့် ကျနော် တို့အဖွဲ့ကနေ ထုတ်လိုက်တာ မရှိဘူး။ ထုတ်လိုက်တယ်လို့ သတင်းတွေထွက်ပေမယ့်လည်း အဖွဲ့ကနေ ထုတ်လိုက်တာ မရှိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့မှ စစ်ကြောင်းမှူးအဖြစ် တာဝန် ယူထားသော ဗိုလ်စလုံးသည် စစ်အာဏာရှင်ကို တော်လှန်သည့်အနေဖြင့် ယခင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO ထံသို့ ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ဘက်ပြောင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရာထူးနှင့် တာဝန်ရပ်ဆိုင်းခံရသူ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကအသစ်ဖွဲ့ စည်းလိုက်သည့် ကော်သူးလေအာမီ-KTLA ၌ ဗိုလ်စလုံး ဦးစီးသည့် စစ်ကြောင်းကို KTLA အထူးကွန်မန်ဒိုတပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ကော်သူးလေအာမီ-KTLA ၏ အထူးကွန်မန်ဒိုတပ်ရင်းမှူးဖြစ်သူ ဗိုလ်စလုံးသည် တပ်အ တွင်း ကျူးလွန်မိသည့် အမှားတချို့ကို ဖြေရှင်းချက်မပေးဘဲ ထွက်ပြေးတိမ်းရှောင်ပြီး ယခုလို DKBA ဆီပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။
“ ပြန်လာတာ ဘာမှ ပါမလာတော့ဘူး။ သေနတ်လည်း တစ်လက်မှ မပါတော့ဘူး။ လူနည်းနည်းနဲ့ပဲ ပြန်လာကြတယ်။ အခုလို ဘာမှမရှိတော့ပေမယ့် ကြည့်ရှုစောင့်ရှောက်ပေးတဲ့အတွက် အဘိုး(စောရွှေဝ )ကို ကျေးဇူးတင်တယ်။” ဟု ဘက်ပြောင်း ပေါင်းစည်းရသည့် အခြေအနေနှင့်ပတ်သက်၍ ဗိုလ်စလုံးက ပြောသည်။
ယခုလို အဖွဲ့အစည်းထံ ပြန်လည်ရောက်ရှိလာသော ဗိုလ်စလုံးကို ယခင်က ပေးအပ်ဖူးသော ရာထူး တာဝန်ဖြစ်သည့် ဗဟိုလုံခြုံရေး တပ်ရင်းမှူးအဖြစ် ပြန်လည်ခန့်အပ်သွားမည်ဟုလည်း သိရသည်။



















