ဧပြီလ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပေါ်ရှိ ကွန်ဒိုအခန်းတစ်ခုတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက ကရင်အမျိုး သားအစည်းအရုံး- KNU ထံ ပို့မည်ဟုဆိုသည့် လက်နက်ခဲယမ်းများကို ဒုတိယအကြိမ်အဖြစ် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းများ၌ ဖော်ပြသည်။
ယမန်နေ့ ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဘန်ကောက်မြို့၊ ထုန့်စောင်ဟောင့်ခရိုင်၊ ကျဲ့ဝတ်ထန (၁၂) လမ်းသွယ်ရှိ ကွန်ဒိုတိုက်ခန်းတစ်ခုတွင် ထန်ဆုန်ဟုန်စခန်းက ရဲတပ်ဖွဲ့ဝင်များက လက်နက်ပစ္စည်းများ သိုလှောင်ထားသည်ဟု သတင်းရရှိသောကြောင့် ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ၎င်းအခန်းအတွင်းမှ လက်နက်ခဲယမ်းအများအပြားနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ သက်သေခံပစ္စည်းများ အများအပြား သိမ်းဆည်းရမိခဲ့ခြင်းများကြောင့် အဆိုပါ အခန်း၌ နေထိုင်သူသည် ဧပြီလ (၁၂) ရက်နေ့ကတည်းက ထွက်ခွာသွားခဲ့ပြီး ယနေ့အချိန်ထိ ပြန်လာခြင်းမရှိဟု အဆောက်အအုံ တာဝန်ရှိသူမှ ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်ကလည်း ချင်းမိုင်မြို့တွင် လက်နက်ခဲယမ်းများ သယ်ဆောင်လာသည့် ထိုင်းအမျိုး သားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်တရာခံများ၏ သဲလွန်စရရှိပြီး ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းအား ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။
ယခု ဘန်ကောက်၌ ဖမ်းမိသော စစ်လက်နက်များနှင့် ဖောက်ခွဲရေးပစ္စည်းများသည် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်တွင်လည်း KNU ထံပို့မည့် လက်နက်များကို ချင်းမိုင်မြို့၊ တူးမြောင်းလမ်းပေါ် ထိုင်းနိုင်ငံသား နှစ်ဦးနှင့်အတူ ဖမ်းဆီးရမိမှု၏ ချင်းမိုင်ဖြစ်စဥ်၌ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးခြင်း ဖြစ်သည်ဟု ထိုင်းမီဒီယာဖြစ်သည့် Khaosod News က ဆိုသည်။

အဆိုပါ ပထမအကြိမ် ချင်းမိုင်မြို့ တွင် ဖမ်းဆီးခဲ့ရမိသည့် လက်နက်ခဲယမ်းများသည် မယ်ဟောင်ဆောင်ခရိုင်၊ စုတ်မွေမြို့နယ်၊ မဲ့စမ်လက်ပ်ဒေသရှိ KNU တပ်ဖွဲ့ထံ ပို့ဆောင်ရမည့်ပစ္စည်းများဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့ ဝင်များ၏ စုံစမ်းဖော်ထုတ်ရရှိမှုအပေါ် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက ယခုလိုပြောသည်။
“ကေအဲန်ယူကိုယ်တိုင် ထိုင်းဘက်ထိသွားပြီး ဝယ်တာပြုတာတွေတော့ အစီအစဉ်မရှိဘူး။ ဒါကြောင့် အခုဖမ်းမိတဲ့သူတွေက သူတို့ အသက်မွေးဝမ်းကျောင်းငွေရှာခြင်းအရ ဒီလက်နက်တွေရတော့ ကေအဲန်ယူကို လာရောင်းဖို့ပဲ ထိုင်းတာဝန်ရှိသူကို ပြောလိုက်တာနေမှာပါ” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကေအဲန်ယူ အနေဖြင့် ထိုင်းဘက်ခြမ်းထိတိုင် မိမိတို့ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဝယ်ယူနိုင်ရေးသည် ခက်ခဲသည့် ကိစ္စတစ်ရပ်ဖြစ်ပြီး အဆိုပါ လက်နက်များကို ကေအဲန်ယူထံသို့ လာရောက်ရောင်းချရန် မဟုတ်ဘဲ နယ်စပ်အတွင်းရှိ ကရင်နီအဖွဲ့ထံသို့ သွားရောက်ရောင်းချရန် လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူးချုပ် စောရှီးလေက ဆက်ပြောသည်။
လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့များက ကွင်းဆက်တရာခံများ ဆက်လက်ဖမ်းဆီးရမိနိုင်ရေးအတွက် အဆိုပါ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများနှင့် သက်ဆိုင်သူများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ထိုင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။



















