ဧပြီ ၂၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံဆေးပညာရှင်များအသင်း-BMA မှ ကြီးမှူးကျင်းပသည့် လူထုကျန်းမာရေးလုပ်သား-CHW အပတ်စဥ် (၄) သင်တန်းဆင်းပွဲအား ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) ဖားအံခရိုင် ထိန်းချုပ်နယ်မြေ၌ ပြုလုပ်ကျင်းပခဲ့ရာ သင်တန်းသူ၊သင်တန်းသား ဦးရေ ၅၀ တိတိအား အောင်မြင်စွာ သင်တန်းဆင်းပေးခဲ့နိုင်ကြောင်း သိရသည်။
ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ခရိုင်ခုနှစ်ခု၊ ကရင်နီပြည်နယ်နှင့်ပအိုဝ်းဒေသတို့မှ ဆေးပညာသင်ယူလိုသည့် သင်တန်းသူ(၂၈)ဦးနှင့် သင်တန်းသား (၂၂) ဦးပါဝင်သော အပတ်စဥ်(၄) Community Health Worker-CHW လူထုကျန်းမာရေးလုပ်သား သင်တန်းအား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဧပြီလအထိ သင်တန်း ချိန် (၆)လကြာ ပြုလုပ်ပေးခဲ့သည်ဟု ယနေ့ပြုလုပ်သော သင်တန်းဆင်းပွဲအခမ်းအနားက ဆိုသည်။
သင်တန်းပြီးဆုံးပြီးဖြစ်သော်လည်း သင်တန်းသူ၊သင်တန်းသားများအနေဖြင့် မိမိတို့တာဝန်ကျရာနယ်မြေ၊ လုပ်ငန်းခွင်၌ ပညာဆက်လက်ဆည်းပူးသွားကြရန် သင်တန်းသို့တက်ရောက်လာသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုစစ်ဌာနချုပ်၊ ဆေးဌာန နှင့် နယ်လှည့်ကျောပိုး အိတ်ကျန်းမာရေးလုပ်သားအဖွဲ့-BPHWT ၌ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဆရာစောစိုးလှဦးက ပြောသည်။
“ဒီသင်တန်းကတော့ level-1 အနေနဲ့ပဲရှိသေးတယ်။ ရှေ့ဆက်မှာ သင်တန်းတွေ လေ့လာသင်ယူဖို့ တွေအများကြီးရှိနေပါတယ်။ ဒါပြီးရင် ဆရာ၊ဆရာမတွေအနေနဲ့ ကိုယ့်လုပ်ငန်းခွင်မှာတာဝန်ယူရမှာတွေ အများကြီးရှိနေတော့ ဒီလောက်နဲ့ပဲ ရပ်မနေဘဲ ဆက်လက်သင်ယူကြဖို့တိုက်တွန်းချင်တယ်။ အခက်အခဲပြ ဿနာတွေ ကြုံလာရရင်လည်း ခေါင်းအေးအေးထားပြီး ရင်ဆိုင်ကျော်လွှားကြဖို့ အကြံပြုချင်တယ်” ဟု ဆရာစောစိုးလှဦးက အခမ်းအနားတွင်ပြောသည်။

BMA က ကြီးမှူးပြီး BPHWT, KNLA စစ်ဆေးဌာနတာဝန်ရှိသူများ၊ မယ်တော်ဆေးခန်းမှတာဝန်ရှိသူများ၏ ကူညီထောက်ပံ့မှုဖြင့် ဖွင့်လှစ်ပြီးစီးခဲ့သော လူထုကျန်းမာရေးလုပ်သား အပတ်စဥ်(၄)သင်တန်းဆင်းပွဲတွင် တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များမှ ဂုဏ်ပြုအားပေးစကားပြောကြားခြင်း၊ သင်တန်းသူ သင်တန်းသားများမှ သီချင်းဖြင့်သီဆိုဂုဏ်ပြုခြင်းကို အခမ်းအနားအစီအစဥ်အရ ပြုလုပ်ခဲ့သည်။
တပ်မဟာ(၂)၊ တောင်ငူခရိုင်မှ သင်တန်းသူ နော်သံလွင်ထူးက “သင်တန်းပြီးသွားပြီဆိုတော့ ကိုယ်လာခဲ့တဲ့လုပ်ငန်းခွင်က နာမကျန်းတဲ့လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်။ အထူးသဖြင့် ကျမတို့ကရင်ပြည်နယ်ထဲက တောတောင်တွေထူထပ်တဲ့နေရာတွေမှာ ငှက်ဖျားတွေအဖြစ်များတယ်။ အဲဒါကြောင့်ကျမက ဒီပညာတွေကို ပြန်ပြီး မျှဝေအသုံးချချင်တာရှိတယ်။” ဟု သူမက ကေအိုင်စီကိုပြောသည်။
ဆက်လက်ပြီးအခမ်းအနားတွင် အစီအစဥ်အရ သင်တန်းသူ၊သင်တန်းသားများအား အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြင့်ခြင်း၊ အဆင့် ၁ မှ ၁၀ အတွင်းဝင်ရောက်သည့် သင်တန်းတက် ရောက်သူများအတွက် ဆုချီးမြှင့်ခြင်း၊ သင်တန်းဆရာ၊ဆရာမများအား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီးနောက် အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ယနေ့ပြုလုပ်ခဲ့သည့် သင်တန်းဆင်းပွဲသို့ BMA ဒါရိုက်တာ မန်းနေထူး၊ KNLA ဗဟိုစစ်ဌာနချုပ် ဆေးဌာန ဒုတိယတပ်ဖွဲ့မှူး စောဝင်းကျော်၊ KNLA, ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDOနှင့် BPHWTတို့မှ တာဝန်ရှိသူများအပါအဝင် ဆရာ၊ဆရာမများ၊ သင်တန်းသူ၊သင်တန်းသားများ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ စုစုပေါင်း လူဦးရေ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။



















