Home သတင်း အပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်ကောင်စီက ကေအဲန်ယူကို ထိုးစစ်ဆင်ဆဲ

အပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်ကောင်စီက ကေအဲန်ယူကို ထိုးစစ်ဆင်ဆဲ

812

ဧပြီ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရက်သတ္တပတ် သုံးပတ်ကြာ ယာယီအပစ်ရပ်မည်ဟု ကြေညာထားသော စစ်ကောင်စီက ယနေ့ မတ်လ ၃ ရက်နေ့ တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့များကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်သည်ဟု သိရသည်။

ကေအဲန်ယူ တပ်မဟာ ၄၊ တပ်ရင်း ၁၁ နယ်မြေ (တနင်္သာရီမြို့နယ်)၊ မြိတ်-ကော့သောင်း လမ်းမကြီးပေါ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ကေအဲန်အဲလ်အေနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအား ထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းမှာ မြိတ်-ကော့သောင်း လမ်းမ ၇၄ မိုင်မှာရှိတဲ့ ကျနော်တို့ လူတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ လာရောက်ပစ်ခတ်တာတွေ လုပ်တယ်။ ပြီးတော့ လက်နက်ကြီးနဲ့လည်း ပစ်ခတ် တဲ့အပြင် ခြေလျင်တပ်တွေလည်း တက်လာတယ်။ ထိုးစစ်ဆင်ဖို့အတွက် ရှေ့တန်းက သူတို့တပ်တွေလည်း အင်အား ၄၀၊ ၅၀ ဝန်းကျင် ထပ်ဖြည့်လာတယ်။”ဟု ပြောသည်။

စစ်ကောင်စီတပ်က ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်ဟုဆိုကာ နိုင်ငံတစ်ဝန်း ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့အထိ အပစ်အခတ်ရပ်စဲမည်ဟု ယမန်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီ၏ အပစ်ရပ်စဲကြောင်း ကြေညာမှုသည် နိုင်ငံတကာတွင် ပုံရိပ်ကောင်းပြရန်အတွက်သာဖြစ်ပြီး အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် တော်လှန်ရေးတပ်ဖွဲ့များအား ထိုးစစ်ဆင်မှုများကို ယခင်အတိုင်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု ပဒိုစောအယ်နာက ဖြည့်စွက်ပြောသည်။

ထို့အပြင် ယာယီအပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်ကောင်စီက ယနေ့ မတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တို့ကို လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သလို ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ကိုလည်း မြေပြင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသတွင်း သတင်းမီဒီယာများက ရေးသားဖော်ပြကြသည်။

အလားတူ ယမန်နေ့ ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီတွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကေအဲန်ယူ မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေ၊ ကမမောင်းနှင့် ကတိုင်တိကြားရှိ လေးဖိုထာကျေးရွာအုပ်စုသို့ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ၃ လသား အရွယ်ကလေးငယ်တစ်ဦးနှင့် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရရှိခဲ့သေးသည်။