ဧပြီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူထိခိုက်သေဆုံးမှုနှင့် အဆောက်အဦး ပြိုကျပျက်စီးမှုများရှိခဲ့သည့်နေရာအချို့တွင် ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ဆောင်ရန် ခက်ခဲနေသေးကြောင်း မြို့ခံ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တာဝန်ရှိသူများက ပြောသည်။
ယနေ့အချိန်အထိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မြေပြင်နေရာများ၌ လက်လှမ်းမီနိုင်သလောက် ကူညီ လုပ်ဆောင်နေသော်လည်း ကယ်ဆယ်ရေး အထောက်အကူပြု စက်ကိရိယာများ အစုံအလင် မရှိသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် ခက်ခဲမှုရှိနေကြောင်း တောင်ငူမြို့ရှိ လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူ ကိုကျော်သူရက ယခုလို ပြောသည်။
“ကယ်ဆယ်ရေးမလုပ်နိုင်သေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ နေရာတိုင်း မဆောင်ရွက်နိုင်သေးဘူး။ စက်ကိရိယာတွေ နည်းပညာတွေ ယာဥ်ယန္တရား အကူအညီတွေ မစုံလင်ဘူး။ အဓိက နိုင်ငံတကာ အဆင့်မီ စက်ပစ္စည်းတွေ မရှိတော့ အခက်အခဲတွေ ရှိတယ်။ ကျနော်တို့ ဝိုင်းလုပ်နေတဲ့အထဲကဆိုရင် အကူအညီအများကြီး လိုအပ်နေသေးတယ်” ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင် ငလျင်လှုပ်ခတ်ပြီး ထွက်လာသည့် မြေအောက်ရေများကြောင့် ရေညစ်ညမ်းမှုဖြစ်ပြီး အဓိက လိုအပ်ချက်ဖြစ်သော သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုကို စိုးရိမ်ကြသည်ဟု ဒေသခံများက ပြောသည်။
၎င်းအပြင် အဆောက်အဦး ပြိုကျသည့် နေရာတော်တော်များများတွင် ကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်ခြင်း မရှိသဖြင့် အချင်းချင်း ကိုယ်ထူကိုယ်ထ ဖြေရှင်းလုပ်ဆောင်နေကြသည်ဟု တောင်ငူဒေသခံအမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။
“ မီးလည်းမလာ ရေမသန့်တာတွေလည်း တော်တော်များနေတော့ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်လာမှာ စိတ်ပူတယ်။ ပြည်သူတွေက မီးစက်တွေရှိရင် ရေတွေတင်ပြီး သောက်ရေတွေအတွက် ဝိုင်းယူလို့ရတာပေါ့။ မီးစက်မောင်းပေးနိုင်ရင် ပြည်သူတွေလည်း ရေတာပေါ့။ လောဆယ် ပြည်သူတွေအချင်းချင်းပဲ ဟိုနည်းနည်း ဒီနည်းနည်း ရှိတာလေးနဲ့ကူညီကြတယ်။ ဘယ်အဖွဲ့မှ ဘာမှ လာလုပ်ပေးတာ မတွေ့သေးဘူး” ဟု ၎င်းက ပြောသည်။
လတ်တလော တောင်ငူမြို့တွင် ပြင်းအားအနည်းငယ်ရှိသည့် ငလျင်လှုပ်ခတ်မှုများ ရှိနေသေးသလို ပြိုကျထားသော အဆောက်အအုံများတွင် အဆိပ်ရှိ သတ္တဝါများ၏ ခိုအောင်းနိုင်သည့် အန္တရာယ်ကိုလည်း စိုးရိမ်ကြရသည်ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် တောင်ငူမြို့ပေါ်ရှိ အိမ်ခြေ (၁၀၀) ဝန်းကျင် ပျက်စီးသွားသွားသည့်အပြင် ကလေး (၆) ယောက်အပါအဝင် ဒေသခံ (၁၇) ယောက်သေဆုံးခဲ့သည်ဟု ကနဦး သတင်းအရ သိရသည်။



















