ဧပြီလ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အင်တာနက် လူမှုကွန်ရက် Facebook ပေါ်၌ ကရင်ယူနီကုဒ် စကားလုံးဖောင့် အမှန်ရေးသား ဖတ်ရှုနိုင် ရေးအတွက် ပြုလုပ်သည့်လှုပ်ရှားမှု (Karen Unicode Campaign) တွင် လက်မှတ်အရေအတွက် မပြည့်မီသော်လည်း မျှော်မှန်းထားရှိသည့် ရည်ရွယ်ချက်များ အောင်မြင်ခဲ့သည်ဟု ယမန်နေ့ညတွင် အွန်လိုင်း မှဆင့် ကျင်းပသည့် ကမ်ပိန်းပိတ်ပွဲအခမ်းအနား၌ ဦးဆောင်ပြုလုပ်ခဲ့သူများက ပြောဆိုသည်။
“ကရင်စာ ဖြစ်ဖို့ ယူနီကုဒ်ကို သုံးစွဲစို့” ဟူသော ခေါင်းစဥ်ဖြင့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ မတ်လ ၂၁ရက်နေ့ အထိ ပြုလုပ်ခဲ့သည့် ကမ်ပိန်းသည် ကရင်စာအမှန် ရေးသားဖတ်ရှုနိုင်ရန်၊ ကရင်ဘာသာ စကား အသုံးပြုမှု မြှင့်တင်နိုင်ရန်နှင့် ကရင်စာပေပြုစုပျိုးထောင်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ကရင်စာပေနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကမ်းပိန်း ကာလအတွင်း ဝိုင်းဝန်းကူဆောင်ရွက်ပေးသည့် အစုအဖွဲ့များ၏ ပါဝင်အားဖြည့်ပေးမှုကြောင့် ထူးခြားရလဒ်အနေဖြင့် ကရင်ဘာသာစကား ၃ မျိုး ပါဝင်သည့် ကော်သူးလေကီးဘုတ်ဆော့ဖ်ဝဲအား သုံးစွဲသူ များပြားလာခြင်းအပြင် Facebook Team ထံမှ ၎င်းတို့၏ ပလက်ဖောင်းပေါ် ဘာသာစကား မှန်ကန်စွာ ဖော်ပြနိုင်သည်အထိ လုပ်ဆောင်ပေးမည့် တုံ့ပြန်ချက်များ ရရှိခဲ့ကြောင်း ကမ်ပိန်းပိတ်ပွဲ၌ ဦးဆောင်ပါဝင်သူတစ်ဦး ထည့်သွင်း ပြောဆိုသည်။
ကရင်စာပေနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စောအောင်မြင်က “ ဒီကမ်ပိန်းလေး လုပ်လိုက်တဲ့အခါ အရင်နှစ်ကတင်ခဲ့တဲ့ အီးမေးလ်ကို ဒီကြားထဲ သူတို့ပြန်ပို့လာတယ်။ ဒီပါဝင်ပေးကြတဲ့ လူ ၂ သောင်းကျော် တွေကနေ လက်မှတ်ဝင်ထိုးတာ Hash Tag သာမလုပ်ခဲ့ဘူးဆိုရင် ဒီပြန်စာကို ကျနော်တို့လည်းရမှာ မဟုတ်ဘူး။ ဒီကမ်ပိန်းမှာ အားတက်သရော ပါဝင်ပေးကြလို့ပဲ Facebook ကနေ သူတို့ဘာတွေ လုပ်နေလဲဆိုတာ အကြောင်း ကြားပေးတာ ဖြစ်ပါတယ်။” ဟု ယမန်နေ့ ပိတ်ပွဲ အခမ်းအနားတွင် ပြောသည်။

ထို့အပြင် Facebook ၏ မိခင် ကုမ္ပဏီ Meta မှ Facebook ပလက်ဖောင်း တွင် ကရင်စာအမှန် ဖြစ်ပေါ်ရေး ဆောင်ရွက်နေစဥ်တွင် ကရင်စာကို Facebook ပေါ် ရေးသားရာ၌ ကရင်ယူနီကုဒ် ကိုအထောက်အပံ့ ပေးသော ကီးဘုတ်များဖြင့် အသုံးပြုရေးသားစေလိုကြောင်း ၎င်းအဖွဲ့ဝင်ဖြစ်သူက တိုက်တွန်းပြောဆိုခဲ့သည်။
စကောကရင်၊ အရှေ့ပိုးကရင်နှင့် အနောက်ပိုးကရင်စာများကို အွန်လိုင်းပေါ်သို့ အမှန်ရေးသားဖတ်ရှုနိုင်ရန် ပြုလုပ်ခဲ့သည့် ယူနီကုဒ်ကမ်ပိန်းတွင် ကရင်တိုင်းရင်းသား လူဦးရေ တစ်သိန်းကျော် ပါဝင်လက်မှတ်ထိုးပေးရန် တောင်းဆိုထားသော်လည်း တစ်လကြာသည်အထိ လူဦးရေ ၂၄ ရာခိုင်နှုန်းကျော်ခန့်သာ ရရှိခဲ့သည့်အပေါ် ကမ်ပိန်း ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးက ယခုလို မှတ်ချက်ပြု ပြောသည်။
“လက်မှတ် မပြည့်မီရတဲ့ အကြောင်းက လက်မှတ်ထိုးနည်း မသိတာ၊ အင်တာနက် လိုင်းအခက် အခဲကြောင့်လည်း ပါမယ်။ အဓိက Gmail ဘယ်လိုဖွင့်ရလဲ မသိကြတာ ရှိတယ်။ လက်မှတ် အရေအတွက် မပြည့်ရခြင်း အကြောင်းအရင်းတွေ ပါတယ်ပေါ့နော်။ တော်တော်များများကတော့ အားတက်သရော ပါဝင်ကြပါတယ်။” ဟု ၎င်းက ပြောသည်။
ယမန်နေ့ညက အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည့် ကမ်ပိန်းပိတ်ပွဲနေ့ အခမ်းအနားတွင် ပါဝင်တက်ရောက်သူများမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကမ်ပိန်း၏ နောက်ဆုံးအခြေအနေကို တင်ပြခြင်းအပြင် ကရင်သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်-KESAN နှင့် ချင်းမိုင်တက္ကသိုလ် ကရင်ကျောင်းသာများအဖွဲ့အစည်း KSA-CMU တို့ ကျင်းပသည့် လပ်ကီးဒရော ကံထူးသူများကြေညာခြင်းနှင့် Karen Vibes မှ ပြုလုပ်သည့် ကမ်ပိန်း အထောက်အကူပြု အလှဓါတ်ပုံပြိုင်ပွဲမှ ဆုရရှိသူများ ကြေညာခြင်း စသည့် အစီအစဥ်များ ပါဝင်ခဲ့သည်။



















