ဧပြီလ ၂၂ ရက်။ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇) နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မောဖားသူး စခန်းကျပြီးနောက် တိုက်ပွဲကြောင့် ထိုင်းဘက်ရှောင်တိမ်းနေထိုင်ကြရသည့် စစ်ရှောင်များအားလုံး ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် နေရပ်ပြန်ကြကြောင်း ထိုင်းမီဒီယာများက ဖော်ပြသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်အနီးရှိ မော်ဖားသူးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကုန်းကို စခန်းကို ဧပြီလ ၁၉ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း လူထုနေထိုင်ရာကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် သောင်ရင်းမြစ် တစ်ဖက်ကမ်းရှိ မဲ့ရမတ်မြို့နယ်ဘက်သို့ ဒေသခံ (၂၄၇) ဦး ထိုင်းဘုန်းကြီးကျောင်းတွင် ခိုလှုံကာ စစ်ရှောင်နေကြရသည်။

ပြီးခဲ့သည့် ဧပြီလ (၂၀) ရက်နေ့တွင် နယ်မြေတွင်း ပြန်လည်တည်ငြိမ်လာသည့် အခြေအနေကြောင့် စစ်ရှောင်သူဦးရေ (၁၁၇) ဦး နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်များက လိုက်လံပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိသည့် (၁၃၀) ဦးမှာ ခိုလှုံနေထိုင်ဆဲ ဖြစ်သည်။
ထို့ကြောင့် ယနေ့တွင် တာ့ခ်ပြည်နယ်အတွင်း အာဏာပိုင်များနှင့် တာဝန်ရှိသူများမှ နယ်စပ်တလျှောက် လုံခြုံရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကျန်ရှိသည့် နေရပ်ပြန်လိုသော စစ်ရှောင်များအားလုံးကို ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် KNLA မှ စခန်းသိမ်းပိုက်ခဲ့ပြီးနောက် နယ်စပ်ဒေသတွင် အခြေအနေ ငြိမ်သက်သွားခဲ့သော်လည်း တပ်မဟာ (၇) နယ်မြေအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ထိုင်းဘက်ခြမ်း၌ နယ်စပ်လုံခြုံရေးကို စောင့်ကြည့်တာဝန်ယူပြီး လုံခြုံရေးအင်အားကို ၂၄ နာရီကြာ ဆက်လက် တိုးမြှင့်ထားကြောင်း ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။



















