Home သတင်း ကျားဖြန့်လုပ်သား ရှစ်ထောင်ကျော်အနက် လုပ်သား တစ်ထောင်ကျော်သာပို့ရန် ကျန်ရှိကြောင်း BGF ပြော

ကျားဖြန့်လုပ်သား ရှစ်ထောင်ကျော်အနက် လုပ်သား တစ်ထောင်ကျော်သာပို့ရန် ကျန်ရှိကြောင်း BGF ပြော

483

ဧပြီ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီရှိ နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်နယ်မြေအတွင်း ဖော်ထုတ်ရမိထားသည့် ကျားဖြန့်လုပ်သား ၈,၅၇၅ ဦးအနက် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်ရန် ၁,၁၃၈ ဦးသာ လက်ဝယ်ကျန်ရှိတော့ကြောင်း တပ်ဖွဲ့ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ယနေ့ပြုလုပ်သည့် မီဒီယာများနှင့်အွန်လိုင်းအမေးအဖြေအစီအစဥ်တွင် ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ ကျားဖြန့်တိုက်ဖျက်ရေး အထူးအဖွဲ့၊ ဖွဲ့ဆောင်ရွက်ခဲ့သော BGF က ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် ၎င်းတို့ရရှိထားသည့်ကျားဖြန့်လုပ်သား ၂၅၄ ဦးအား မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ်(၂)တံတားမှတဆင့် သက်ဆိုင်ရာနိုင်ငံများထံ ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ပြီး ယင်းအပါအဝင် စုစုပေါင်း လွှဲပြောင်းပြီးဦးရေ ၇,၄၃၇ ဦး ရှိခဲ့ပြီဟု ဆိုသည်။

“သင်္ကြန်ကာလ နိုင်ငံခြားသားပြန်ပို့ရေးကိုရပ်ထားတာ ဒီနေ့ပြန်စပါတယ်။ ဒီနေ့ပြန်ပို့တာ စုစုပေါင်း ၂၅၄ ယောက်။ ကျနော်တို့ ထိန်းသိမ်းထားတဲ့ ၈ ထောင်ကျော်ရှိတဲ့အထဲမှာ ၇ ထောင်ကျော်ကို ပြန်ပို့ပြီးပြီ။ ဒီနေ့အထိ ၁,၁၃၈ ဦးလက်ထဲကျန်နေသေးတယ်။ ပြောထားတဲ့ကတိစကားအတိုင်း ဘယ်အလုပ်ရှုပ်ရှုပ် ကျနော်တို့လုပ်ငန်းစဥ်အရ နိုင်တဲ့အင်အားနဲ့ ဒါကိုဆက်လုပ်သွားပါမယ်။” ဟု ဒု-ဗိုလ်မှူးကြီး နိုင်မော်ဇော်က မီဒီယာကို ပြောသည်။

BGF က ကျားဖြန့်လုပ်ငန်းနှိမ်နင်းရေး ဆောင်ရွက်နေသည့်အချိန်ကာလအတွင်း ထိန်းချုပ်နယ်မြေတစ်ဝိုက် ယင်း လုပ်ငန်းလုပ်ကိုင်နေမှု အများအပြား လျော့နည်းသွားသလို အမြစ်ပြတ်ရှင်းလင်းနိုင်ရေးအထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ကေအိုင်စီ၏ မေးမြန်းချက်အပေါ် ဒု-ဗိုလ်မှူး နိုင်မောင်ဇော်က ဖြေကြားထားသည်။

BGF အပါအဝင် ထိုင်း-မြန်မာနယ်စပ် ကျောက်ခက်ဒေသကို ထိန်းချုပ်ထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ကလည်း နယ်စပ် ကျားဖြန့်တိုက် ဖျက်ရေးနှင့်လူကုန်ကူးခံရသူများကို ပြန်ပို့ရေးလုပ်ငန်းအား ဖေဖော်ဝါရီလကတည်းက လုပ်ဆောင်နေခြင်းဖြစ်သည်။

သို့ရာတွင် မြဝတီမြို့နယ်၌ အချို့သော ကျားဖြန့်လုပ်ငန်းလည်ပတ်နေမှုများ ဆက်လက်ရှိနေဆဲဖြစ်သည့်အပြင် အလုပ်သမားအသစ်များလည်း ထပ်မံခေါ်ယူနေသည်ဟု မီဒီယာအချို့က ယခုဧပြီလ အစောပိုင်းတွင် ဖော်ပြကြသည်။

ထိုအချက်နှင့်ပတ်သက်၍ BGF က “ဒီလိုပြောနေတာတွေကတော့ ခံရမှာပဲ။ ကျနော်တို့လုပ်နေတဲ့အလုပ်ကို ကျနော်တို့ သိတယ်။ တစိုက်မတ်မတ်ပဲဆက်လုပ်သွားမှာပါ။ ကျားဖြန့်ဆက်လည်ပတ်နေတယ်လို့ ပြောတဲ့နေရာ တွေလည်း ရှိကောင်းရှိမယ်။ သေချာတာကတော့ ကျနော်တို့နေရာ မဟုတ်ပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

တဖက်တွင်လည်း BGF အနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများကို ဖိတ်ခေါ်၍ ဒေသခံလူထု၏ အလုပ်အကိုင်အခွင့်အရေး ရရှိရန် လုပ်ဆောင်နေသည်ဟု ပြောဆိုသည်။ ထို့ကြောင့် ကျားဖြန့် နောက်ဆက်တွဲကြောင့် အိမ်နီးချင်းနိုင်ငံထံမှ တားမြစ်ပိတ်ဆို့မှုများအကြား ဆက်သွယ်၊ ကုန်သွယ်သွား လာမှုအခက်အခဲ တွေ့ကြုံနေရသည့် ဒေသခံအကျိုး ထောက်ရှု၍ဖြေလျော့ပေးရန်လည်း BGF က မေတ္တာရပ်ခံထားသည်။