ဧပြီ ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ သံလွင်မြစ် ကမ်းနားလမ်း သဲသောင်ပြင်နေရာ၌ တစ်လတာ ကျင်းပရန် စီစဉ်ထားသည့် ‘နန်းဖော့အွာ’ သင်္ကြန် ရေကစားကွင်းနှင့် ဈေးတန်းတည်ဆောက်နေမှုအပါအဝင် အခြားသင်္ကြန်ပွဲ ပြင်ဆင်မှုများ ရပ်နားထားပြီး စတုဒီသာသင်္ကြန်အဖြစ်သာ ပြောင်းလဲ ကျင်းပမည်ဟု မြို့ခံများက ပြောသည်။
ယခင်က ပြည်နယ်အတွင်း သင်္ကြန်ပွဲတော်များကို ဖားအံ၊ မြဝတီ၊ လှိုင်းဘွဲ၊ မြိုင်ကလေး၊ သာမည၊ အိန္ဒုနှင့် ကျုံဒိုး ကျေးနယ် စသည်တို့တွင် စည်ကားစွာ ကျင်းပရန် ညွှန်ကြားပြင်ဆင်နေမှုများ ရှိခဲ့သော်လည်း ငလျင်ဘေးကြုံတွေ့ ခဲ့ရသည့် နိုင်ငံသားများကို စာနာ၊ ဂရုနာထားသည့် အနေဖြင့် စတုဒီသာသင်္ကြန်အဖြစ်သာ လုပ်ဆောင်သွားရန် ပြည်နယ် စစ်ကောင်စီက ညွှန်ကြားမည်ဟု သိရကြောင်း ဖားအံဌာနဆိုင်ရာများနှင့် နီးစပ်သည့် လုပ်ငန်းရှင် သတင်းရင်းမြစ်က ကေအိုင်စီသို့ ပြောသည်။
“အခုက မြို့မှာ စစ်တပ်နဲ့ ဆက်ဆံရေးရှိတဲ့ သူတွေ သင်္ကြန်ကို ကန်ထရိုက်ယူပြီး လုပ်နေကြတာ၊ ငလျင် ဘေးသင့် တယ် ဆိုတော့ နန်းဖောအွာ သင်္ကြန်တို့ ကမ်းနားလမ်းမဏ္ဍပ်တို့ ဆောက်မယ့်ဟာတွေ မလုပ်တာ့ဘူးလို့ ကြား တယ်။ သင်္ကြန်ကို စတုဒီသာ ကျွေးတာတွေ ရက်တိုင်း ကျွေးအမွေးတွေ နဲ့ လုပ်မယ်ပေါ့။ ပုံစံ ပြောင်းလိုက်တဲ့ သဘော။ လုပ်ငန်းရှင် တွေဆီကတော့ ငွေကောက်တာ(အလှူငွေ) ဆက်ကောက်နေတယ်။ စတုဒီသာ ကျွေးမွေး စားရိတ်ပေါ့” ဟု ဖားအံစစ်ကောင်စီနှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဖားအံတွင် ပြုလုပ်မည့် စတုဒီသာ သင်္ကြန်ပွဲတော်အပြင် အခြားဒေသ သင်္ကြန်ပွဲများအတွင် စစ်ကောင်စီ အုပ်ချုပ် ရေးမှူးများက အလှူငွေကောက်ခံခြင်းများ ရှိသည်ဟု သတင်းထွက်ပေါ်နေသလို ပါဝင်ကျွေးမွေးရမည့် လုပ်ငန်း ရှင်များကိုလည်း အလှူငွေ ထည့်ခိုင်းခြင်းများ ရှိသည်ဟု အခြားလုပ်ငန်းရှင်များထံမှ သိရသည်။
“လုပ်ငန်း ရှင်တွေ ငွေထည့်လုပ်ရမယ်။ အကျွေးအမွေး တာဝန်ယူပေးရမယ်ပေါ့၊ ကုန်သည်တွေ ဆီဆိုင်တွေ၊ သစ်ဆိုင်ကြီးတွေ၊ ကုန်ကားထောင်ထား သူတွေ၊ စားသောက်ဆိုင်၊ KTV ဆိုင်ရှင်တွေ၊ ဖုန်းဆိုင်ရှင်တွေကို ရပ်ကွက် အုပ်ချုပ် ရေးမှူးတွေက တစ်ဆင့် ကိုယ်ပါဝင်ကျွေးမွေးမယ့် အစီအစဉ်ကို မေးခိုင်းတယ်။ မြို့နယ်ဌာန ဆိုင်ရာတွေ ကပေါ့” ဟု ကုန်စုံဒိုင် ဆိုင်ရှင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်၂၈ ရက်နေ့က မန္တလေး မြို့အနီး အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ကြောင့် လူထောင်ချီ သေဆုံးကာ ပျောက်ဆုံးသူ၊ ဒဏ်ရသူနှင့် အိမ်၊ အဆောက်အဦးများပျက်စီးခဲ့ပြီးနောက် စစ်ကောင်စီက ဧပြီ ပထမ အပတ်ကို ဝမ်းနည်းခြင်း ရသတ္တပတ်အဖြစ်သတ်မှတ်သလို အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရကလည်း သင်္ကြန်ကာလ ဧပြီ ၁၃ မှ ၂၀ ရက်ထိကို နှစ်သိမ့် အားပေးရက်သတ္တပတ်အဖြစ် အသီးသီးသတ်မှတ်ထားသည်။



















