Home သတင်း နိုင်ငံတကာသတင်းထောက်များ ပြည်ဝင်သတင်းရယူနိုင်ရေးနှင့် အင်တာနက်ကန့်သတ်ပိတ်ပင်ခြင်းမှ ပြန်ဖွင့်ပေးရန် IPCM တောင်းဆို

နိုင်ငံတကာသတင်းထောက်များ ပြည်ဝင်သတင်းရယူနိုင်ရေးနှင့် အင်တာနက်ကန့်သတ်ပိတ်ပင်ခြင်းမှ ပြန်ဖွင့်ပေးရန် IPCM တောင်းဆို

890
Photo: မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ဧပြီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် မတ်လ(၂၈)ရက်‌နေ့ကဖြစ်ပွားခဲ့သည့်အင်အားပြင်းငလျင်လှုပ်ခတ်မှုမှ ထိခိုက်သေကြေ၊ ပျက်စီးမှုအခြေအနေများ‌အပေါ် နိုင်ငံတကာသတင်းထောက်များအား ပြည်ဝင်သတင်းရယူနိုင်ရေးနှင့် အင်တာနက်ကန့်သတ်ပိတ်ဆို့မှုမှ ပြန်ဖွင့်ပေးရန် လွတ်လပ်သောမြန်မာ သတင်းမီဒီယာကောင်စီ(IPCM) က စစ်ကောင်စီကိုတောင်းဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကိုင်းတိုင်းကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ မြေငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ တံတားဦး၊ တောင်ငူ အစရှိသည့်မြို့များပျက်စီးခဲ့ရသည့်အပေါ် ပြည်ပမီဒီယာများက နိုင်ငံဝင်ရောက်သတင်းရယူလိုမှုကို စစ်ကောင်စီဘက်က လုံခြုံရေးတာဝန်မယူနိုင်သည့် အကြောင်းပြချက်ဖြင့် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

သတင်းမီဒီယာသည် လက်ရှိမြေပြင်တွင်ဖြစ်ပွားလျက်ရှိသည့် သတင်းအချက်အလက်များကို‌ အမှန်တကယ်အကူအညီလိုအပ်နေသူများ၊ အကူအညီပေးလိုသူများနှင့်ကယ်ဆယ်ရေးအဖွဲ့များထံပေးပို့ခြင်းဖြင့်ပံ့ပိုးကူညီပေးနိုင်သောကြောင့် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာသတင်းထောက်များကို သတင်းယူရန်ပြည်ဝင်ခွင့်နှင့် ဗီဇာခွင့်ပြုပေးရမည်ဟု IPCM က ဆိုသည်။

ထို့အပြင် အင်တာနက် ကန့်သတ်ပိတ်ပင်ထားမှုသည် လတ်တလောအကြပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်သဖြင့် အများပြည်သူအကျိုးစီးပွားအရ အင်တာနက်ပြန်ဖွင့်‌ပေးရန်ကိုလည်း IPCM က ထောက်ပြတောင်းဆိုသည်။

“နာဂစ်တုန်းကလိုပဲ အခုလည်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေ မြေပြင်မှာဘယ်လောက်လိုအပ််နေတယ်ဆိုတာ ဖုံးဖိထားချင်လို့ နိုင်ငံတကာသတင်းထောက်တွေကို ပေးမဝင်ဘူးလို့ပဲ ကျ‌နော်တို့ယူဆတယ်။ အင်တာနက်ဆိုတာလည်း သတင်းအချက်အလက်မြန်မြန်စီးဆင်းဖို့ သိရှိနိုင်တဲ့အရာ။ အခုကျတော့ အာဏာသိမ်းပြီးကတည်းက အင်တာနက်ကိုကန့်သတ်ပိတ်ဆို့ထားတာ၊ ဒါကြောင့် ငလျှင်ဒဏ်ခံရတဲ့ပြည်သူတွေကို မြန်မြန်ကယ်နိုင်ဖို့ ကျနော်တို့ဒီလိုတောင်းဆိုရတာလည်း ဖြစ်ပါတယ်။” ဟု ထုတ်ပြန်ချက်ပါပြောခွင့်ရ IPCM အဖွဲ့ဝင် ဦးရဲ‌နည်က ပြောသည်။

အင်အားပြင်းငလျှင်လှုပ်ခတ်မှုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့တို့တွင်ပါ သက်ရောက်မှုရှိခဲ့သည် ညဆိုသော်လည်း ထိခိုက်ပျက်စီးမှုအများဆုံးမှာ မြန်မာနိုင်ငံကဖြစ်ပြီး လက်ရှိအချိန်ထိလည်း လိုအပ်ချက်များစွာရှိနေကြောင်း ဒေသအလိုက်သတင်းအရင်းအမြစ်များမှ သိရသည်။

Photo: မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

နိုင်ငံတကာမှလည်း အရေးပေါ်တုံ့ပြန်မှုအနေဖြင့် မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခြင်း၊ လိုအပ်သည့်စားနပ်ရိက္ခာနှင့်အခြားလိုအပ်သည့် အကူအညီများ ပေးလျက်ရှိသည်။

ထိုအထဲ၌ အမေရိကန်ပြည်ထောင်စုမှပေးလာသည့် Starlink ဆက်သွယ်ရေးစနစ်အကူအညီများလည်း ပါဝင်လာရာ စစ်ကောင်စီအနေဖြင့် မြန်မြန်ဆန်ဆန် လက်ခံသုံးစွဲသင့်သည်ဟု IPCM က ထောက်ပြသည်။

အလားတူ နိုင်ငံတကာသတင်းထောက်များအပါအဝင် ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများ၏ မြေပြင်ကွင်းဆင်း၍ လုံခြုံစွာသတင်းယူနိုင်ခွင့်ကိုလည်း စစ်ကောင်စီထံ IPCM က တောင်းဆိုထားပြီး ဖမ်းဆီးခံနေရသည့် သတင်းထောက်များ၏လက်ရှိအခြေ‌အနေအ‌ပေါ်၌ သတိခြပ်ရမည်ဖြစ်သည်ဟု ထုတ်ပြန်ပြောသည်။

ယင်းတွင် ၂၀၂၃ ခုနှစ်က ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းဒဏ်ခံရမှုအပေါ် သတင်းသွားယူသည့် Myanmar Now သတင်းဌာန၏သတင်းထောက် တစ်ဦးအား စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မနှင့် ဆက်သွယ်ရေးပုဒ်မများတပ်၍ အနှစ်၂၀ဖမ်းဆီးအကျဥ်းချထားသည့် ဖြစ်စဥ်ကို ဖော်ပြသွားပြီး ၎င်းအပါအဝင် သတင်းသမားများပြန်လွှတ်ပေးရန်ကိုလည်း IPCM က ဆက်စပ်တောင်းဆိုသည်။

လက်ရှိ ငလျင်ဘေးဖြစ်စဥ်အတွင်း ပြည်သူ ၃,၀၀၀ ထောင်ကျော်သေဆုံး၍ ၃,၅၀၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိထားကြောင်း ငလျင်နှင့်ဆက်စပ်ပြီး အချက်အလက်စုဆောင်းပြုစုနေသည့် အရပ်ဖက်အဖွဲ့များထံမှ သိရသည်။