Home သတင်း ထိုင်းရောက် အလုပ်သမားများ ဝင်ထွက်ဗီဇာကင်းလွတ်ခွင့်ဖြင့် သင်္ကြန်နေရပ်ပြန်ရေး စပြန်သူနည်း

ထိုင်းရောက် အလုပ်သမားများ ဝင်ထွက်ဗီဇာကင်းလွတ်ခွင့်ဖြင့် သင်္ကြန်နေရပ်ပြန်ရေး စပြန်သူနည်း

668
Photo: CJ

ဧပြီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း အစိုးရက မြန်မာအပါအဝင် ၄ နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ ဝင်ထွက်ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သင်္ကြန် ကာလ နေရပ်ပြန်ရေး အစီအစဉ်ကို ယနေ့ ဧပြီ ၁ ရက်နေ့တွင် စတင်လိုက်ပြီးဖြစ်ရာ ပြန်သူနည်းနေသေးသည်ဟု မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။

ထိုင်းအစိုးရက ခွင့်ပြုထားသည့် အဆိုပါအစီအစဉ်တွင် ဝပ်ပါမစ် (Work Permit)နှင့် ဗီဇာ(Visas)ရရှိထားသည့် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများအနေဖြင့် သင်္ကြန်ကာလ အတွင်း နေရပ်ပြန်လိုပါက Re-Entry Permit လျှောက်ထားစရာမလိုသည့် အစီအစဉ်ကို ဧပြီ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကင်းလွတ်ခွင့် ပေးထားခြင်းဖြစ်သည်။

“ဧပြီလ ၁ ရက်နေ့ကနေ လာမဲ့ ၅ လပိုင်း ၁၅ ရက်နေ့အထိ တစ်လခွဲတိတိ ထိုင်းအစိုးရရဲ့ ၄ နိုင်ငံက ရွှေ့ပြောင်း လုပ်သားတွေကို မိခင်နိုင်ငံမှာ အလှူအတန်းတွေ၊ မိသားစုနဲ့ပြန်လည်ပေါင်းစည်းပါစေ ထိုင်းနိုင်ငံမှာ ပင်ပင် ပန်းပန်းနဲ့ အလုပ်လုပ်ခဲ့ရတဲ့ ပင်ပန်းမှုတွေကို တစ်လခွဲတိတိ ကိုယ့်နိုင်ငံမှာ ပြန်အနားယူကြပါစေဆိုပြီး Free Visas ပေးခြင်းဖြစ်ပါတယ်” ဟု မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က ပြောဆိုသည်။

ယခုလို ထိုင်းအစိုးရမှနေရပ်ပြန်ခွင့် Free Visas ခွင့်ပြုထားသော်လည်း မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေများကြောင့် စစ်ကောင်စီမှလူငယ်များအား အဓိကပစ်မှတ် ဖမ်းဆီးမှုများ လုပ်ဆောင်လျက် ရှိနေသောကြောင့် နေရပ်ပြန်မည့်သူများ နည်းပါးလျက်ရှိသည်ဟု JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆက်လက်ပြောဆို ထားသည်။

ထို့အပြင် ထိုင်းရောက်ရွှေ့ပြောင်း မြန်မာအလုပ်သမားများအနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီက စစ်မှု ထမ်းကိစ္စများအပြင် လေကြောင်းပစ်ခတ်မှုများ၊ အကြောင်းမဲ့ နေအိမ်မီးရှို့ဖျက်ဆီးမှုများ၊ လက်နက်ကြီး ရမ်း ပစ်ခတ်မှုများကြောင့် မြန်မာနိုင်ငံသားအချို့မှာ ပြန်စရာနေအိမ်မရှိတော့သည့် အခြေအနေများလည်း ကြုံတွေ့ နေရသည်ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အလုပ်လုပ်ကိုင်နေသူ လူငယ်တစ်ဦးက ပြောဆိုသည်။

“အခုလို နေရပ်ပြန်ခွင့်ပေးထားပေမဲ့ နေအိမ်တွေချိတ်ပိတ်ခံရတာရယ်။ မီးရှို့ခံရတာတွေရှိထားတော့ ပြန်ရင် တောင် ဘယ်သူ့အိမ်နေရမလည်းဆိုတဲ့ အခြေနေမှာရှိတယ်။ ပြီးတော့လူငယ်တွေကို စစ်မှုထမ်းဖို့ စုဆောင်း နေတာတွေလည်းရှိနေတော့ တော်တော်များများကတော့ အိမ်ပြန်ချင်ပေမဲ့ နေစရာအိမ်မရှိဘူးဖြစ်နေတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

အဆိုပါ နေရပ်ပြန်ခွင့် Free Visas ဗီဇာကင်းလွတ်ခွင့်ကို ယခုနှစ်၂၀၂၅ ဧပြီ ၁ ရက်နေ့မှ စတင်ပြီး မေ ၁၅ ရက် အထိ ခွင့်ပြုထားသည်။ သို့သော် နေရပ်ပြန်ခွင့်ကိုသတ်မှတ်ထားသည့် မေ ၁၅ ရက်နေ့ နောက်ပိုင်းတွင် ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် သတ်မှတ်နှုန်းထားသည့်အတိုင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။