ဧပြီလ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးသင့် ပြည်သူ ၅ဝ,ဝဝဝ (ငါးသောင်း)အတွက် ၃ လစာ စားနပ်ရိက္ခာထောက်ပံ့နိုင်ရန် အမေရိကန်ဒေါ်လာ ၁ သန်းကျော် အရေးပေါ် လိုအပ်နေသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN က ယမန်နေ (ဧပြီလ ၂၂) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကေအဲန်ယူ- ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတွင် ဧပြီလ ၁၅ တွင် စတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တောလှန်ရေး ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများအတွင်း စစ်ကောင်စီမှ အရပ်သားများ နေထိုင်သည့် ကျေးရွာ၊ နေအိမ် နှင့် ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားကာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့်ဒေသခံများ နီးစပ်ရာ ဒေသများသို့ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်သည်။
စစ်ကောင်စီ၏ ယခုလို လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက် မှုများကို ပိုမိုပြုလုပ်ခဲ့ခြင်းကြောင့် ယနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ပြည်သူဦးရေ ၅၀,၀၀၀ ခန့်အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် လူသားချင်းအကူအညီများ လိုအပ်နေကြောင်း KPSN က ပြောသည်။
KPSN ၏ ဒါရိုက်တာ နော်ဝါးခူရှီးက ” စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုက တော်တော်လေး ပြင်းပြင်းထန်ထန်လုပ်နေတာ။ ကျမတို့ သိရတဲ့ အချက်အလက်အရ တပ်မဟာ ၆ မှာ လူ ၃ သောင်း ကျော်နဲ့ တပ်မဟာ ၇ ဘက်မှာ ၂ သောင်းကျော်လောက်ထွက်ပြေးနေကြရတာ။ အဲ့ဒီ ထွက်ပြေးနေရတဲ့ အိမ်ထောင်စုတွေအတွက် အစားအသောက်ကို ပျမ်းမျှ တွက်ကြည့်သလောက်က ကျမတို့ ပြောသလို ထိုင်းဘတ်ငွေ ၅၄ သန်းလောက်ကုန်မှာပေါ့။ ဒါက ၃ လစာအတွက် ခန့်မှန်းထားတဲ့ ကုန်ကျမှု နှုန်းထားပါပဲ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးသင့်များအတွက် လိုအပ်သည့် အရေးပေါ် စားနပ်ရိက္ခာများအပြင် တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ နေရာထိုင်ခင်းများနှင့် အစားအသောက်များ အတွက် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအနေဖြင့်လည်းကောင်း၊ တစ်ဦးချင်းအနေဖြင့် လည်းကောင်း ပါဝင်ကူညီလှူဒါန်းနိုင်ကြောင်း နော်ဝါးခူးရှီးက ဆက်ပြောသည်။
၎င်းအပြင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုနှင့် အများအပြား ဒဏ်ရာရကာ အရပ်သားနေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
လက်ရှိတွင် ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့အနီးတဝိုက်ကို တော်လှန်ရေးပူးပေါင်းတပ်များ ဝိုင်းရံထား သည့်အတွက် စစ်ကောင်စီတပ်မှ အင်အားဖြည့်လုပ်ဆောင်မှုများ ရှိနေဆဲဖြစ်ပြီး ယနေ့အချိန်အထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)သည် ကရင်လူထုအခြေပြုအဖွဲ့အစည်း ၂၀ ကျော်ဖြင့် ပါဝင်ဖွဲ့ စည်းထားသည့် ကွန်ရက်တစ်ခုဖြစ်သည်။ အဖွဲ့ဝင်များသည် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအတွက် ၁၀ စုနှစ်ပေါင်းများစွာ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များကို ကူညီပေးလာခဲ့သည့် လူမှုအဖွဲ့အစည်းများဖြစ်သည်။



















