Home သတင်း အာဆီယံနှင့် စစ်ခေါင်းဆောင်တွေ့မည့်အပေါ် စိုးရိမ်သလို အကူအညီများ အစုအဖွဲ့အားလုံးနှင့် ချိတ်ဆက်ပေးရန် သဘောထားထုတ်ပြန်

အာဆီယံနှင့် စစ်ခေါင်းဆောင်တွေ့မည့်အပေါ် စိုးရိမ်သလို အကူအညီများ အစုအဖွဲ့အားလုံးနှင့် ချိတ်ဆက်ပေးရန် သဘောထားထုတ်ပြန်

67

ဧပြီ ၁၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အာဆီယံခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ ဘန်ကောက်မြို့၌ တွေ့ဆုံမည့်အပေါ် စိုးရိမ် သလို လူသားချင်းစာနာထောက်ထားမှု အကူအညီများကို NUG နှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစု များက ထိန်းချုပ်စီမံအုပ်ချုပ်ထားသည့် နယ်မြေများရှိ အစုအဖွဲ့အားလုံးနှင့် ချိတ်ဆက် ထောက်ပံ့ရန် တော်လှန် ရေးအဖွဲ့များက ယနေ့ ဧပြီ ၁၆ ရက်နေ့တွင် သဘော ထားထုတ်ပြန် ပြောသည်။

ဧပြီ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ အာဆီယံ ဥက္ကဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်နှင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့ တွေ့ဆုံမည့် အပေါ် ထိပ်တန်း တော်လှန်ရေး အင်အားစုများ ပါဝင်သည့် အဖွဲ့များက ယခုလို သဘောထားထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ(WLB)၊ ရိုဟင်ဂျာလွတ် မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (FRC)နှင့် အမည်မဖော်လိုသည့် အင်အားစုများ ပါဝင်သည်ဟု ဖော်ပြထားသည်။

စစ်ခေါင်းဆောင်အနေဖြင့် မြန်မာနှစ်သစ်ကူး (သင်္ကြန်)ချိန်တွင်ပင် အပြစ်မဲ့ ပြည်သူများကို တိုင်းပြည်၏ ဘဏ္ဍာ ဖြင့် ဝယ်ထားသည့် လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသလို လက်ရှိ တိုင်းပြည် ဧရိယာ ၂၂ ရာခိုင်နှုန်းခန့်ကို သာ ထိန်းချုပ်နိုင်တော့သည့် အခြေအနေဖြစ်နေသည်ဟု အဆိုပါ သဘောထား ထုတ်ပြန်ချက်၌ ထောက်ပြထား သည်။

ထို့အပြင် စစ်ကောင်စီသည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်၌ အခြေခံ အချက်ဖြစ်သည့် အကြမ်းဖက်မှု များကို ချက်ချင်းရပ်တန့်ရေး ဆိုသည့် မူကို အာဆီယံ ခေါင်းဆောင်များရှေ့မှောက်တွင် သဘောတူညီခဲ့သော်လည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ပြောဆိုသည်။

စစ်ကောင်စီသည် လက်ရှိတိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိန်းချုပ်ထားသည့် တခုတည်းသောအဖွဲ့ မဟုတ် ဘဲ တိုင်းပြည် အချုပ်အခြာအာဏာသည် နေပြည်တော်မှ တိုက်ရိုက်စီမံအုပ်ချုပ် နေသည့် အခြေအနေ မဟုတ်ဘဲ နယ်မြေအသီးသီးရှိ ပြည်သူလူထု လက်ဝယ် သက်ဆင်းသွားပြီး ဖြစ်သည်ကို သတိမူရန် ထပ်မံ ထောက်ပြထား သေး သည်။

ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်အုပ်စုကို တိုက်ရိုက် ပေးခြင်းထက် စစ်ဘေးဒဏ်ခံ ပြည်သူများ ထံသို့ အကူအညီ ပေးရေး အစီအစဥ်များ တိုက်ရိုက်ရောက်ရှိနိုင်စေရန် သက်ဆိုင်သူ အားလုံးနှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ဘေး၊ သဘာဝဘေးတို့ကြောင့် ပြန်လည်ထူထောင်ရေး အလေးထားရမည့် အချိန် စစ်ကောင်စီ၏ တဖက်သက် ရွေးကောက်ပွဲသည် မြန်မာ့အရေးကို ဖြေရှင်းဦးစားပေးလုပ်ငန်းစဉ် မဟုတ်ကြောင်းလည်း ထောက်ပြထားသည်။

မြန်မာပြည်အတွင်း ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိနိုင်ရန် အတွက် ပြည်သူလူထု၏ လိုလားချက်၊ မျှော်မှန်းချက်များကို ကိုယ်စား ပြုသည့် သဘောထား ထင်ဟပ် စေနိုင်မည့် (Myanmar-Owned and Myanmar-led process) ဖြစ်စေရန် အတွက် စစ်ခေါင်းဆောင်နှင့် တဖက်သတ် ဆက်ဆံဆောင်ရွက်မှုများကို အထူးသတိပြု သင့်သည်ဟု အဆိုပါ တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားသည်။