Home သတင်း ကျုံဒိုး မြောက်ကမ္မရိုက်ရွာ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး စစ်ကောင်စီ ဗုံးကြဲစဉ် ထိမှန်သေဆုံး

ကျုံဒိုး မြောက်ကမ္မရိုက်ရွာ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး စစ်ကောင်စီ ဗုံးကြဲစဉ် ထိမှန်သေဆုံး

641
Photo: CJ

ဧပြီ ၁၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်နေ့တွင် စစ်ကောင်စီက ကျုံဒိုး မြောက်ကမ္မရိုက်ရွာသို့ Y12 လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက် ၃၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံးသွားပြီး ရွာရှိ ကလေး၊ လူကြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းရှိ ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက ဧပြီ ၁၆ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျုံဒိုး၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ လေးတိုင် အောင်ချမ်းသာကျောင်း၊ အင်းကြီးရွာ ဘုန်းကြီးကျောင်း၊ သာယာကုန်းရွာရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး နေ့လည်ပိုင်းချိန် ကော့ဝါလဲ၊ သာယာကုန်းနှင့် မြောက်ကမ္မရိုက်ရွာသို့ ဗုံးထပ်ကြဲစဉ် ယခုလို ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံးသွားခြင်း ဖြစ်သည်။

“နေလည်ပိုင်းမှာ ကော့ဝါလဲ၊ သာယာကုန်ဘက်နဲ့ မြောက်ကမ္မရိုက်ရွာကို ထပ်ကြဲတာ၊ မြောက်ကမ္မရိုက်ရွာက အသက် ၃၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးတယ်။ နောက်ရွာသားခလေးရောလူကြီးရော အမျိုးသမီးရော ၅ယောက် အစမှန်ဒဏ်ရာရတယ်။ တခြားနေရာတွေမှာလည်း ထိခိုက်တာတွေ ရှိတယ်။ တိတိ ကျကျ မသိရသးဘူး”ဟု မြေပြင်ရှိ သတင်းရင်းမြစ်က ပြောသည်။

ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပေါ် ဧပြီ ၁၄ ရက်နေ့ ညပိုင်းမှ ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းထိ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ကျွန်းကလေး၊ နွားခြံကုန်း၊ ကော့ဝါလဲ၊ ညီညာသာလင်း၊ လေးတိုင်းနှင့် ငါးတိုင် ရွာလမ်းပိုင်းတစ် လျှောက်ရှိ ကုန်စည်ယာဉ်များကို ငွေကောက်ခံနေသည့် ဂိတ်များအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Photo: CJ

၎င်းတိုက်ပွဲ ဖြစ်စဉ်အတွင်း KNLA မဟာမိတ် ပူးပါင်းစစ်ကြောင်းများဘက်မှ ရဲဘော် ၃ ဦး ကျဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ စစ်ကောင်စီတပ်ဘက်က အကျအဆုံးနှင့်လမ်းပိုင်း စစ်ဆေးရေးဂိတ်များ စွန်လွှတ်ကာ စစ်ဆင်ရေး ကွတ်ကဲမှုဌာနချုပ် (စကခ ၁၂) ဘက်သို့ ပြန်လည်ဆုတ်ခွာပြီးနောက် လေကြောင်းဖြင့် စစ်ကူဗုံးကြဲ ခိုင်းခြင်းဖြစ်သည်ဟု မြေပြင် စစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ဂျက်ဖိုက်တာ ရော၊ Y12 ရော ကြဲတာ ဆိုရင် ပေါင် ၅၀၀ ဗုံးသီးအပါ ဆိုရင် အလုံး ၅၀ ကျော် လောက်ရှိတယ်။ အခုက သူတို့စစ်တပ် လက်နက်ကြီးနဲ့ ရွာဘက်ပစ်တဲ့နေရာတွေကို ကရင်အဖွဲ့ pdf တွေ ဝင်လုံးတော့ (စကခ ၁၂) ဘက်ကို ဆုတ်ပြေးရပြီး လေကြောင်းက ဗုံးကြဲခိုင်းနေတာ။ ကျုံဒိုး သာယာကုန်းကနေ ကိုးတိုင်၊ ရင်ကွဲတောင် နား အထိ ကြဲနေတာ၊ မြေပြင်မှာ စကစတွေ ဆုတ်ပြေးကုန်ပြီ” ဟု ၎င်း က ပြောသည်။

တိုက်ပွဲ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ကျေးရွာများဘက်သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး သံဃာ ၁၀ ပါး အပါအဝင် ဒေသခံ ၃၅ ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့သည်ဟု စစ်ဘေးရှောင်အရေး ကူညီ သူများက ကောက်ယူပြုစုထားသည့် ကနဦး စာရင်းအရ သိရသည်။

ထို့အပြင် တိုက်ပွဲများကြောင့် ကျုံဒိုး ဒေသခံများ ဖားအံမြို့နယ် ဂျိုင်းကျေးရွာ၊ မနီကုန်း၊ ရိုးမဟာ၊ ရွှေဖြူနှင့် သာမည ကျေးရွာများဘက်သို့ စစ်ဘေးရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။